October 19, 2024

◾ ငလျင်ကြောင့် သေဆုံးသူစုစုပေါင်း ၁၂၆ ဦးအထိ ရှိလာ

၇.၁.၂၀၂၄

Translated by Htwe Ko Tun

ဂျပန်နိုင်ငံ အလယ်ပိုင်းတွင် ဇန်နဝါရီ ၁ ရက်ကလှုပ်ခတ်ခဲ့သော ရစ်ချ်တာစကေး ၇ ဒသမ ၆ ရှိ ငလျင်ကြောင့် ဒေသအတွင်းပျက်စီးပြိုကျနေသောအိမ်တစ်လုံး၏ အပျက်အစီးများအောက်မှ အသက် ၉၀ ကျော်ရှိအဖွားအိုတစ်ဦးအား ငလျင်လှုပ်ခတ်အပြီး ငါးရက်ကျော်အကြာ ဇန်နဝါရီ ၆ ရက်ညနေပိုင်းက အသက်ရှင်လျက် ပြန်လည်ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ အမျိုးသမီးကြီးအား ဆူဇူမြို့အတွင်းမှ ပြန်လည်တွေ့ရှိကယ်ဆယ်နိုင်ခြင်းဟုလည်း တာဝန်ရှိသူများကပြောခဲ့ကြသည်။ ရုပ်မြင်သံကြားမှလွှင့်ထုတ်ခဲ့မှုတွင်ကယ်ဆယ်ရေးအဖွဲ့ဝင်များက ထိုအမျိုးသမီးကြီးအား ကယ်ဆယ်နိုင်ရေးကြိုးပမ်းနေမှကိုတွေ့ကြရပြီး အမျိုး သမီးကြီးကိုမူ သေချာစွာမတွေ့ရပေ။

ငလျင်လှုပ်ခတ်အပြီး ၇၂ နာရီ ကျော်အကြာ၌ အပျက်အစီးများအောက်တွင်ပိတ်မိနေသူများကို အသက်ရှင် လျက် ပြန်လည်ကယ်ဆယ်နိုင်ရန် အခွင့်အလမ်းလျော့ပါးသွားပြီဟု ယူဆထားကြသော်လည်း သုံးရက်ကျော်အကြာ ဇန်နဝါရီ ၄ ရက် ညနေပိုင်းကလည်း အသက် ၈၀ ကျော်ရှိအဖွားအိုတစ်ဦးအား ဝါဂျိမာမြို့၌ ကယ်ဆယ်ရေးတပ်ဖွဲဝင်များက အသက်ရှင်လျက်ကယ်ဆယ်နိုင်ခဲ့သေးသည်။

ဇန်နဝါရီ ၆ ရက်အထိ စာရင်းများအရ ငလျင်ကြောင့် သေဆုံးရသူဦးရေမှာ ၁၂၆ ဦးအထိ ရှိလာခဲ့ပြီး ငလျင်ဒဏ်ပြင်းထန်စွာခံခဲ့ရသည့် ဝါဂျိမာမြို့၌ သေဆုံးသူ အများဆုံးဖြစ်ကာ ၆၉ ဦးရှိခဲ့သည်။ ဆူဇူမြို့မှာ သေဆုံးသူ ဒုတိယအများဆုံးဖြစ်ကာ ၃၈ ဦးရှိကြောင်းလည်းသိရသည်။ ငလျင်ကြောင့် ဒဏ်ရာရသူ အရေအတွက်မှာ လည်း ၅၀၀ ကျော်အထိ တိုးမြင့်လာကာ ၎င်းတို့အနက် အနည်းဆုံး၂၇ ဦးက စိုးရိမ်ရသောအခြေအနေတွင်ရှိကြောင်းလည်း တာဝန်ရှိသူများက ပြောခဲ့ကြသည်။

ဒေသအတွင်း ဇန်နဝါရီ ၆ ရက် တစ်ညလုံးနှင့် ဇန်နဝါရီ ၇ ရက်တွင်ပါ မိုးရွာသွန်းလျက် နှင်းများကျနေမှုကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင်အခက် အခဲများရှိခဲ့ကြောင်းလည်း သိရသည်။

Ref ; Asahi Shimbun

Leave a Reply

Your email address will not be published. Required fields are marked *