၇. ၁. ၂၀၂၄
Written by Nay Aung
ထိုင်းနိုင်ငံအနောက်ပိုင်း၊ ပရာချပ်ခီရိခန်ပြည်နယ်၊ ဖကဆမ်လမ်းပေါ်ရှိ Tipco စက်ရုံအနားတွင် ဇန်နဝါရီ ၆ ရက်နေ့က ကားတိုက်မှုဖြစ်ပွားခဲ့ရာ မြန်မာနိုင်ငံသား ဆယ် ကျော်သက်လူငယ်တစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံသားများစီးနင်းလာသောကားသည် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရှိသစ်ပင်ကိုဝင်တိုက်ခိုက်ခဲ့ပြီးနောက် ကားပေါ်တွင်ပါလာသူများ ထိခိုက်၊ သေဆုံးခြင်းများရှိခဲ့ကြောင်း၊ ပရာချပ်ခီရိခန် ပြည်နယ်ရဲစခန်းမှတာဝန်ရှိသူများသည် ကားတိုက်မှုဖြစ်ပွားသည့်နေရာကိုသွားရောက်စစ်ဆေးခဲ့ရာ အီဆူဇူး အမျိုးအစား ပစ်ကပ်ကားသည် လမ်းပေါ်တွင် တိမ်းမှောက်နေသည်ကိုတွေ့မြင်ခဲ့ရကြောင်း၊ ကား၏ညာဘက်ခြမ်းက ဆိုးရွားစွာပျက်စီးခဲ့ရကြောင်း ပြည်နယ်ရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးဖြစ်သူ ရဲမှူးကြီး ရတ်နာပွန်သောင်ချင်းက ပြောသည်။
အဆိုပါ ပစ်ကပ်ကားကို ထိုင်းနိုင်ငံဆူရက်တာနီပြည်နယ်ရှိ ရာဘာခြံတွင် အလုပ်လုပ်နေသည့် မွန်လူမျိုးတစ်ဦးက မောင်းနှင်လာခဲ့ခြင်းဖြစ်ပြီး ကားမောင်းသမားသည် မြန်မာနိုင်ငံသား လေးဦးကို ကားပေါ်တင်ကာ ဆူရက်တာနီပြည်နယ်မှ ဘန်ကောက်မြို့သို့ မောင်းနှင်ပို့ဆောင်ချိန်အတွင်း ကားတိုက်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ကားမောင်းသမားသည် ကားကို မောင်းနှင်ချိန်အတွင်း အိပ်ငိုက်ခြင်းမျိုးမရှိသလို ကားဘရိတ်မိကြောင်း၊သို့ သော်လည်း Tipco စက်ရုံနားအရောက်တွင် ကားအရှိန်မထိန်းနိုင်တော့ဘဲ သစ်ပင်ကို ဝင်တိုက်မိပြီး ကားကအဝေးကိုလွင့်ထွက်သွားခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။
ထိုင်းရဲတပ်ဖွဲ့သည် အဆိုပါကားပေါ်တွင်လိုက်ပါလာသူများကို စုံစမ်းစစ်ဆေးခဲ့ရာ တရားဝင်နိုင်ငံကူးလက်မှတ်ဖြင့် ထိုင်းနိုင်ငံတွင် လာရောက်အလုပ်လုပ်ကိုင်နေသူများဖြစ်ကြောင်း သိရသည်။ ကားတိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရသူများကို နီးစပ်ရာဆေးရုံသို့တင်ပို့ခဲ့သလို ကားမောင်းသမားကို စုံစမ်းစစ်ဆေးမှုများ ဆက် လက်လုပ်ကိုင်နေကြောင်း ထိုင်းရဲတပ်ဖွဲ့ကပြောသည်။
Ref wochenblitz