
၈. ၁ .၂၀၂၄
Written by Hey Mar
အထက်တန်းပြဆရာမတစ်ဦး ရေနစ်သေဆုံးခဲ့တဲ့ဖြစ်စဥ် ဒီနေ့ ဇန်နဝါရီ ၈ ရက် နေ့လယ်ပိုင်းက ရန်ကုန်မြို့၊ ကန်တော်ကြီးဥယျာဥ်၊ ပန်းကန်လုံးကျွန်းမှာ ဖြစ်ပွားခဲ့တယ်လို့ ဒီဃာယုက လူမူကူညီရေးအသင်းက MT News ကို ပြောပါတယ်။
ရေနစ်သေဆုံးသူ ဆရာမဟာ အသက် ၄၀ ကျော်အရွယ် ဒေါ်သံသာမြင့် ဖြစ်ပြီး အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်း မင်္ဂလာတောင်ညွှန့်မှာ လက်ရှိ တာဝန်ထမ်းဆောင်နေသူလို့ သိရပါတယ်။
“ဆရာမက ဒီနေ့ ကျောင်းကနေ ခွင့်ယူထားတာလို့ ကျောင်းဘက်ကို အဆက်အသွယ်ရတော့ ပြောပြလို့ သိရတယ်။ ကန်တော်ကြီးက လုံခြုံရေးဝန်ထမ်းတွေ ပြောပြတာကတော့ ဆရာမကို မနက်အစောထဲက တံတားဘက်မှာ လမ်းလျှောက်နေတာ တွေ့တယ်လို့ ပြောတယ်။ သူတို့ အလောင်းကို မြင်တာ နေ့လည် ၁၂ နာရီ ဝန်းကျင်။ ကျွန်တော်တို့ အသင်းတွေ ပူးပေါင်းကူညီ ဆယ်ယူတာက နေ့လည် ၁၂ ခွဲလောက် ရှိရော့မယ်” လို့ ဒီဃာယုက လူမှုကူညီရေးအသင်း ဥက္ကဋ္ဌက MT News ကို ပြောပါတယ်။

အဆိုပါ သေဆုံးသူ ဆရာမရဲ့ မိသားစုဝင်တွေနဲ့တော့ အဆက်အသွယ်မရရှိသေးဘဲ လူမှုကွန်ရက်ပေါ်ကတစ်ဆင့် အကူအညီတောင်းခံရာက ဆရာမ အလုပ်လုပ်ရာ ကျောင်းကနေ ဆက်သွယ်လာတာလို့လည်း သိရပါတယ်။
သေဆုံးသူရဲ့ ရုပ်အလောင်းကို Happy Rescue နိဗ္ဗာန်ယာဥ်နဲ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ပြီး သက်ဆိုင်ရာ တာဝန်ရှိသူတွေက ဖြစ်စဥ်ကို စုံစမ်းစစ်ဆေးလျှက်ရှိတယ်လို့ သိရပါတယ်။

