၈.၁.၂၀၂၄
Translated by Htwe Ko Tun
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက် ရောက်ရင် တရုတ်တိုင်ပေမှာ သမ္မတရွေးကောက်ပွဲကျင်းပဖို့ နီးကပ်လာတဲ့အချိန်မှာပဲ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ အမျိုးအမည်မသိ လျှို့ဝှက်တဲ့ မိုးပျံဘောလုံးတွေကို တိုင်ဝမ်ကျွန်းပတ်ဝန်းကျင်တစ်ဝိုက်မှာ အချိန်တော်တော်များများတွေ့ရှိလာနေရတယ်လို့ သတင်းတွေက ဆိုပါတယ်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေနဲ့ တရုတ်တိုင်ပေအပေါ် သူ့ရဲ့စစ်ရေးအရအသာစီးထိန်းချုပ်ထားနိုင်မှုကိုပြသဖို့ နေ့စဉ်လိုပဲ တိုက်လေယာဉ်တွေ၊ ထောက်လှမ်းရေးမောင်းသူမဲ့လေယာဉ်တွေနဲ့ စစ်သင်္ဘောတွေကို ကျွန်းအနီးပတ်ဝန်းကျင်တစ်ဝိုက်ပို့လွှတ်ပျံသန်းတပ်ချမှုတွေလုပ်ခဲ့ပါတယ်။
ဒါပေမယ့် ဒီဇင်ဘာလလောက်ကစပြီး တရုတ်နိုင်ငံဘက်က လျှို့ဝှက်ပြီး အမျိုးအမည်မသိတဲ့ မိုးပျံဘောလုံးတွေဟာ ကျဉ်းမြောင်းလှတဲ့ တိုင်ဝမ်ရေလက်ကြားပေါ်မှဖြတ်ကာ တရုတ်တိုင်ပေဘက်ကို မကြာခဏဆိုသလိုရောက်ရှိလာနေတာက နှစ်နိုင်ငံအကြား စစ်ရေးအနှောင့်အယှက်ပေးမှု ပုံစံသစ်တစ်ရပ်ကိုဖန်တီးဖို့ ဆောင်ရွက်မှုလို့ တရုတ်တိုင်ပေ ကာကွယ်ရေးဝန်ကြီးဌာန ကပြောခဲ့ပါတယ်။ ဒါ့ပြင် ကာကွယ်ရေးဝန်ကြီးဌာနက နေ့အချိန်နဲ့ ညနေပိုင်းတွေမှာဆိုရင် မိုးပျံဘောလုံးတွေကို အမြင့်ပေ ၁၂,၀၀၀ မှ ၃၆,၀၀၀ အကြားဝေဟင်မှာ ပျံသန်းနေတာတွေ့ရတယ်လို့ ဆိုခဲ့ပါတယ်။
ဒီလိုဆောင်ရွက်မှုတွေအပေါ် ရန်လိုတဲ့သဘောဆောင်တဲ့လုပ်ရပ်တွေ ပြသတာပဲလို့ ဆိုကြပါတယ်။ ကျွမ်းကျင်သူတွေအနေနဲ့ကလည်း တရုတ်နိုင်ငံအနေနဲ့ သူ့ရဲ့စစ်အင်အားနဲ့ ကျွန်းပတ်လည်မှာ အင်အားပြသမှုပြုနေတယ်လို့ ဆိုခဲ့ကြပါတယ်။
တရုတ်တိုင်ပေမှာ သမ္မတရွေးကောက်ပွဲကျင်းပဖို့ ရက်ပိုင်းသာလိုတော့တဲ့အချိန်မှာတော့ တချို့သော မိုးပျံဘောလုံးတွေဆိုရင် တိုင်ဝမ်မြို့ကောင်းကင်ယံအထိတောင် ဦးတည်ပျံသန်းလာကြကာ လေတပ်စခန်းတစ်ခုအနီးဝန်းကျင်မှာ အနည်းဆုံး မိုးပျံဘောလုံးတစ်ခုကိုတွေ့ခဲ့တယ်လို့ဆိုပါတယ်။ တရုတ်တိုင်ပေ မှ RANDO ကော်ပိုရေးရှင်းရဲ့ မူဝါဒရေးရာစီမံချက်ညွှန်ကြားရေးမှူး ရေမွန် ကူအို ကတော့ “တရုတ်နိုင်ငံအနေနဲ့ တိုင်ပေလေကြောင်းပိုင်နက်ကို သူတို့လုပ်ချင်ရင် အချိန်မရွေး ချိုးဖောက်ဝင်ရောက်နိုင်တယ်ဆိုတာ လုပ်ပြနေတာပဲ။ဒါက အချုပ်အခြာအားဏာပိုင်ဆိုင်မှုကိုလည်း စိန်ခေါ်မှုပေါ့” လို့ ပြောခဲ့ပါတယ်။
ဒါ့အပြင် ကူအိုက ယခုကဲ့သို့ မိုးပျံဘောလုံးများဖြင့် တရုတ်တိုင်ပေ၏ လေကြောင်းပိုင်နက်အတွင်း အချိန်ကိုက်လှုပ်ရှားပြမှုက နိုင်ငံရေးနှင့်ပတ်သက်နေသောဆောင်ရွက်မှုတစ်ခုလည်းဖြစ်ကြောင်း၊ တရုတ်တိုင်ပေ၌ လာမည့်ရက်သတ္တပတ်အတွင်း သမ္မတရွေးကောက်ပွဲနှင့် အခြားသောဥပဒေပြုရွေးကောက်ပွဲများလည်းကျင်းပမသွားမီ ပြည်သူလူထုအား စိတ်ဓါတ်ကျ၊စိတ်အားလျော့စေရန် လုပ်ဆောင်နေခြင်းသာဖြစ်ကြောင်း ပြောခဲ့သေးသည်။
ဒါပေမယ့် အဆိုပါမိုးပျံဘောလုံးများနှင့်ပတ်သက်၍ မေးမြန်းမှုများကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာနက တရုတ်တိုင်ပေ၏နယ်နိမိတ်ကို ကြားဖြတ်ပျံသန်းစွက်ဖက်နေခြင်းမဟုတ်ကြောင်း ငြင်းပယ်ခဲ့ပြီး တရုတ်တိုင်ပေအစိုးရအနေနှင့် ရွေးကောက်ပွဲကို ကြိုးကိုင်ချယ်လှယ်နိုင်ရေးအကြောင်းရှာ ကြိုးစားနေခြင်းသာဖြစ်ကြောင်း ပြန်လည်ပြောကြားခဲ့သည်။
Ref——–AFP