October 19, 2024

၈. ၁. ၂၀၂၄
Written by Pan Ei

မလေးရှားနိုင်ငံ၊ ပီရတ်ပြည်နယ်က အီပို့နဲ့ ဂိုးပမ်းမြို့တွေမှာ မြန်မာနိုင်ငံသားတွေအပါအဝင် တရားမဝင် ရွှေ့ပြောင်းနေထိုင်သူ ၉၅ ဦးကို ဖမ်းဆီးခဲ့ကြောင်း ပီရတ်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးဌာနက မနေ့(ဇန်နဝါရီလ ၇ရက်)က ပြောကြားခဲ့ပါတယ်။

ဖမ်းဆီးခံရသူတွေထဲမှာ မြန်မာ၊ အင်ဒိုနီးရှား၊ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်၊ လာအို၊ ထိုင်း၊ ဖိလစ်ပိုင်နဲ့ အီဂျစ်တို့က နိုင်ငံသားတွေ ပါဝင်ပြီး အမျိုးသား ၅၁ ဦး၊ အမျိုးသမီး ၄၀ နဲ့ ကလေးငယ် လေးဦး ပါဝင်တယ်လို့ သိရပါတယ်။

အီပို့နဲ့ ဂိုးပမ်းမြို့တွေမှာ လူဝင်မှုကြီးကြပ်ရေး အရာရှိအယောက် ၂၀ ပါဝင်တဲ့ စစ်ဆင်ရေးတွေကို ဇန်နဝါရီ ၆ ရက် နံနက် ၁၁ နာရီကနေ သန်းခေါင်ကြားမှာ လုပ်ဆောင်ခဲ့တယ်လို့ သိရပြီး “အထည်ချုပ်ဆိုင် ခုနစ်ဆိုင်၊ အစားအသောက်ဆိုင် ခုနစ်ဆိုင်၊ ကားရေဆေးဆိုင်၊ ဖျော်ဖြေရေးဆိုင်၊ အပန်းဖြေစင်တာနဲ့ စတိုးဆိုင်ရှစ်ဆိုင်တို့မှာ ဝင်ရောက်စီးနင်းခဲ့ပါတယ်။” လို့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် အဆိုပါစီးနင်းမှုကနေ လူ ၁၁၉ ဦးကို စစ်ဆေးခဲ့ပြီး ၉၅ ဦးကို ပြစ်မှုအမျိုးမျိုးနဲ့ ဖမ်းဆီးခဲ့ကာ တရားမ၀င် ရွှေ့ပြောင်းနေထိုင်သူတွေကို တရားရုံးမှာ တရားစွဲဖို့အပါအဝင် အလုပ်ရှင် ဒါမှမဟုတ် အကာအကွယ်ပေးသူတွေကိုလည်း ဌာနက ပြင်းပြင်းထန်ထန် အရေးယူသွားမှာပါ” လို့ ပီရတ် လူဝင်မှုကြီးကြပ်ရေးဌာနကလက်ထောက်ညွှန်ကြားရေးမှူး ရှာမန်ရီဇယ်ရတ်စတန် က ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ဇန်နဝါရီလ ၆ ရက်ကလည်း မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာနက ရာဝမ်မြို့မှာ အထောက်အထားမဲ့ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူ ၁၀၆ ဦးကို ဖမ်းဆီးခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့ပြီး ဖမ်းမိသူတွေက မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ အင်ဒိုနီးရှားနဲ့ ပါကစ္စတန် နိုင်ငံသားတွေဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။

Ref; New Straits Times

Leave a Reply

Your email address will not be published. Required fields are marked *