October 19, 2024

၈. ၁. ၂၀၂၄
Written by Nyein Kyaw

လူမှုထူးချွန်တံဆိပ်(ပထမအဆင့်) ချီးမြှင့်ခံရသူ ဦးစောဆန်းဝင်းသည် အကြမ်းဖက်လုပ်ငန်းများတွင် ပါဝင်နေသည့်အတွက် ၎င်းအား ပေးအပ်ထားသည့် လူမှုထူးချွန်ဆုကို ပယ်ဖျက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC)၏ သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ယနေ့တွင် ဖြေကြားခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲစည်းပုံအခြေခံဥပဒေ ၂၀၀၈ ခုနှစ် ရေးဆွဲနိုင်ရန် အသေးစိတ်အခြေခံရမည့်မူများ ချမှတ်နိုင်ရေးအတွက် အမျိုးသားညီလာခံတွင် ပါဝင်ဆွေးခဲ့ကြသည့် ညီလာခံကိုယ်စားလှယ် ၁၀၂၁ ဦးကို စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်အား အမိန့်ကြော်ငြာစာအမှတ် (၃/၂၀၂၄)ဖြင့် ဇန်နဝါရီ ၄ ရက် (လွတ်လပ်‌ရေးနေ့)တွင် ချီးမြှင့်အပ်နှင်းခဲ့ခြင်းဖြစ်သည်။

ထိုသို့ စွမ်းဆောင်မှုဆိုင်ရာဂုဏ်ထူးဆောင်တံဆိပ် လူမှုထူးချွန်တံဆိပ် (ပထမဆင့်) အပ်နှင်းခံရသည့် အမှတ်စဉ် ၅၉၇ မှ ဦးစောဆန်းဝင်းသည် အကြမ်းဖက်လုပ်ငန်းများတွင် ပါဝင်ခဲ့သူဖြစ်ပြီး လက်ရှိတွင်လည်း အကြမ်းဖက်အဖွဲအစည်းများနှင့် ဆက်သွယ်မှုရှိနေသည့်အတွက် မည်ကဲ့သို့ အရေးယူဆောင်ရွက်သွားမည်ကို မီဒီယာများက မေးမြန်းခဲ့ရာ “ဖြစ်စဉ်မှန်ကန်ပါကြောင်းနှင့် ဆုကို ပယ်ဖျက်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ပြန်လည်ဖြေကြားအပ်ပါသည်” ဟု သတင်းထုတ်ပြန်ရေးအဖွဲ့မှ ပြန်လည်ဖြေကြားခဲ့သည်။

ဦးစောဆန်းဝင်းသည် မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြိုနယ်၊ အုန်းတစ်ပင်ကျေးရွာအုပ်စု၊ ကော့ကံကျေးရွာတွင် နေထိုင်သူဖြစ်ကာ ပြီးခဲ့သည့် ဩဂုတ်လအတွင်း ၎င်း၏နေအိမ်တွင် လက်ပစ်ဗုံးတစ်လုံးနှင့် ကျည်ဆံများတွေ့ရှိခဲ့၍ သက်ဆိုင်ရာက နေအိမ်ကို ချိပ်ပိတ်ထားခြင်းဖြစ်သည့်အပြင် လက်ရှိတွင်လည်း ပေါင်မြို့နယ် PDF အဖွဲ့ထံတွင် ခိုလှုံနေကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *