October 19, 2024

၈. ၁. ၂၀၂၃
Written by Pan Ei

ခွေးသားစားခြင်းကို ဆန့်ကျင်တဲ့ တက်ကြွလှုပ်ရှားသူတွေရဲ့ နောက်ဆုံး အောင်ပွဲတစ်ခုအနေနဲ့ ခွေးသားသတ်ရုံအတွက် ခွေးအကောင် ၂၀၀ ကျော်ကို ချည်နှောင်ပြီး တင်ဆောင်လာတဲ့ ထရပ်ကားတစ်စီးကို အင်ဒိုနီးရှားရဲတပ်ဖွဲ့က ကြားဖြတ်ဟန့်တားကာ ဖမ်းဆီးခဲ့ကြောင်း အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ စနေနေ့ (ဇန်နဝါရီ ၆ ရက်) ညက အင်ဒိုနီးရှားရဲတပ်ဖွဲ့ဝင်တွေဟာ ဂျာဗားကျွန်းရှိ ဆီမာရန်မြို့မှာ ခွေးတွေသယ်ဆောင်လာတဲ့ ကုန်တင်ယာဉ်ကို ဖမ်းဆီးခဲ့တာဖြစ်ပြီး အဲ့ဒီကုန်တင်ကားထဲမှာ ခြေထောက်နဲ့ ပါးစပ်တွေကို ချည်နှောင်ထားတဲ့ ခွေး၂၂၆ ကောင်ကို တွေ့ရှိခဲ့ရခြင်းဖြစ်ကာ အာဏာပိုင်တွေက ကုန်တင်ယာဉ်ပေါ်ပါတဲ့ လူငါးဦးကို ဖမ်းဆီးခဲ့ပါတယ်။ ဖမ်းဆီးခံရသူတွေဟာ တိရစ္ဆာန်စောင့်ရှောက်ရေးစည်းမျဉ်းအရ စွဲချက်တင်ခံရကာ ထောင်ဒဏ်ငါးနှစ်အထိ ကျခံရနိုင်ဖွယ်ရှိနေပါတယ်။

ပဏာမစုံစမ်းစစ်ဆေးမှုအရ ခွေးတွေဟာ အနောက်ဂျာဗားကို ခွေးသားရောင်းချနိုင်ဖို့ ဆူရကာတာ အနီးနားက မြို့ကို သယ်ဆောင်ခံရကာ သားသတ်ရုံဆီ အပို့ခံရဖို့ဖြစ်နိုင်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။

အင်ဒိုနီးရှားဟာ ခွေးနဲ့ ကြောင်အသားတွေကို ရောင်းချခွင့်ပြုတဲ့ လက်တစ်ဆုပ်စာနိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်ပေမဲ့ မကြာသေးမီနှစ်တွေအတွင်း ဆီမာရန် အပါအဝင် မြို့ကြီးတချို့မှာ ခွေးသား ကုန်သွယ်မှုကို တားမြစ်ပိတ်ပင်မှုတွေ ချမှတ်ခဲ့ပြီး ယင်းအလေ့အကျင့်ကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေလည်း ပေါ်ပေါက်လာခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်ကလည်း ဆူလာဝေစီကျွန်းရှိ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ အင်ဒိုနီးရှားတိရိစ္ဆာန်ဈေးကွက်တစ်ခုဟာ ကုန်သွယ်မှုရပ်တန့်ဖို့နဲ့ ရက်စက်ကြမ်းကြုတ်တဲ့နည်းလမ်းတွေနဲ့ တိရစ္ဆာန်တွေကို သတ်ဖြတ်တာ ရပ်တန့်ဖို့ နှစ်ပေါင်းများစွာကြာ တက်ကြွလှုပ်ရှားသူတွေရဲ့ ဖိအားပေးမှုကြောင့် ခွေးနဲ့ ကြောင်အသားရောင်းချမှုကို ရပ်တန့်ခဲ့ပါတယ်။

Ref; AFP

Leave a Reply

Your email address will not be published. Required fields are marked *