October 19, 2024

ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတို့၏ ၄၀ ရာခိုင်နှုန်း သာလာရောက်မဲပေး

၈. ၁. ၂၀၂၄
Translated by Htwe Ko Tun

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အထွေထွေရွေးကောက်ပွဲကို ဇန်နဝါရီ ၇ ရက်ကကျင်းပခဲ့ကြရာ အားလုံးမျှော်လင့်ထားကြတဲ့အတိုင်း လက်ရှိ ဝန်ကြီးချုပ် ရှိတ် ဟာစီနာ ဦးဆောင်တဲ့ အာဏာရ အဝါမီပါတီကပဲ ဆက်လက်အနိုင်ရရှိကာ ဟာစီနာအ​နေနဲ့ဝန်ကြီးချုပ် သက်တမ်းကို ပဥ္စမအကြိမ်မြောက် ဆက်လက် ရယူသွားနိုင်ခဲ့တယ်လို့ သိရပါတယ်။

ရွေးကောက်ပွဲကို နိုင်ငံတစ်ဝန်း မဲရုံပေါင်း ၄၂,၀၀၀ မှာနံနက် ၈ နာရီအချိန်က စတင်ကျင်းပခဲ့ပြီး မဲပေးနိုင်တဲ့ မဲဆန္ဒရှင်ပေါင်း ၁၁၉ ဒသမ ၆ သန်းရှိကာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတို့၏ ၄၀ ရာခိုင်နှုန်း သာလာရောက်မဲပေးတယ်လို့ ရွေးကောက်ပွဲကော်မရှင်က ကြေညာခဲ့ပါတယ်။

ရွေးကောက်ပွဲကို အဓိကအတိုက်အခံပါတီကြီးဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်မျိုးချစ်ပါတီ (BNP) ဦးဆောင်တဲ့ အတိုက် အခံပါတီတွေက သပိတ်မှောက်ခဲ့ကြပါတယ်။အတိုက်ညအခံပါတီတွေက ဝန်ကြီးချုပ် ဟာစီနာ ဦးဆောင်တဲ့ အစိုးရနုတ်ထွက်ပေးဖို့နဲ့ ကြားဖြတ်အစိုးရဖွဲ့စည်းကာ ရွေးကောက်ပွဲကို ဦးဆောင်ကျင်းပပေးဖို့ တောင်းဆိုမှုကိုလက်ရှိအစိုးရက မလိုက်လျောခဲ့တာမှာ အတိုက်အခံ BNP ပါတီက ရွေးကောက်ပွဲ ကိုသပိတ်မှောက်ခဲ့တာပါ။

အတိုက်အခံတို့ရဲ့ဆန္ဒပြတောင်းဆိုမှုတွေနဲ့အတူ နိုင်ငံတစ်ဝန်း ဆူပူအုံကြွမှု၊ အကြမ်းဖက်မှုတွေက ရွေး ကောက်ပွဲမတိုင်ခင် လအတန်ကြာထဲကဖြစ်ပွားနေခဲ့ပြီးရွေးကောက်ပွဲနေ့မှာလည်း နိုင်ငံတစ်ဝန်း ရဲတပ်ဖွဲ့ဝင် ၁၇၅,၀၀၀ နဲ့ လုံခြုံရေးတပ်ဖွဲ့ဝင် ၅၁၅,၀၀၀ တို့ကိုချထားခဲ့ရပါတယ်။ ဒါပေမယ့်လည်း ရွေးကောက်ခံကိုယ်စားလှယ် တစ်ဦးအသတ်ခံရကာ အဆိုပါ မဲဆန္ဒနယ်မှာ မဲပေးပွဲရွှေ့ဆိုင်းခဲ့ရပါသေးတယ်။

 

ရွေးကောက်ပွဲ ကျင်းပချိန်မှာအတိုက်အခံ BNP ပါတီ အပါအဝင် စုစုပေါင်း အတိုက်အခံတို့ရဲ့ အမာခံ ပါတီဝင် ၂၅,၀၀၀ လောက်က ဖမ်းဆီးခံထားရပါတယ်။ BNP ပါတီရဲ့ခေါင်း ဆောင်ပိုင်းအများစုကလည်း ထောင်ထဲရောက်နေကြတာပါ။ ဒါပေမယ့်ရွေးကောက်ပွဲနေ့အထိအတိုက်အခံပါတီဝင်တွေနဲ့ သူတို့ကိုထောက်ခံသူတွေက လမ်းများပေါ်တက်ကာ မဲမပေးကြဖို့ အော်ဟစ်ဆန္ဒပြခဲ့ကြပြီး ဖမ်းဆီးခံရသူတွေ ရှိတယ်လို့ သိရပါတယ်။

မဲပေးပွဲအချိန်မစေ့မီ တစ်နာရီအလို ဇန်နဝါရီ ၇ ရက် မွန်းလွဲ ၃ နာရီအထိ ဆန္ဒမဲ လာရောက်ပေးသူ ၂၇ ဒသမ ၁၅ ရာခိုင်နှုန်းပဲရှိတယ်လို့ ရွေးကောက်ပွဲ ကော်မရှင်ကပြောခဲ့ပါတယ်။ ၂၀၁၈ မဲပေးပွဲမှာ ၈၀ ရာခိုင်နှုန်းအထိလာရောက်မဲ​ပေးခဲ့ကြတာပါ။

ဘယ်လိုပဲဖြစ်ဖြစ် ဆန္ဒပြမှုတွေ၊ ဆူပူအုံကြွမှုတွေ၊ အကြမ်းဖက်မှုတွေကြားက ကျင်းပခဲ့တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ၁၂ ကြိမ်မြောက် အထွေထွေရွေးကောက်ပွဲမှာ အဝါမီ ပါတီက လွှတ်တော်အမတ်နေရာ ၂၉၉ နေရာ (မဲဆန္ဒနယ် ၃၀၀ တွင် တစ်နေရာခေတ္တရွှေ့ဆိုင်း) မှာ ၂၁၆ နေရာ အနိုင်ရခဲ့ကာ နောက်ထပ်ငါးနှစ် သက်တမ်းအတွက်အာဏာရခဲ့ပြန်ပါပြီ။

ရှိတ်ဟာစီနာကလည်း ဝန်ကြီးချုပ်အဖြစ်  ၁၉၉၆ မှ ၂၀၀၁ ခုနှစ်အထိ တစ်ကြိမ် ၊ ၂၀၀၉ ခုနှစ်မှ ယခုရွေးကောက်ပွဲအထိ ဆက်တိုက် လေးကြိမ် အာဏာရယူထားခဲ့ပါတယ်။ ယခုရွေးကောက်ပွဲက အဓိကပြိုင်ဘက်အတိုက်အခံတွေမပါဝင်တာမို့ တစ်ပါတီထဲ မဲရယူအောင်ပွဲခံမှုအဖြစ် ဝေဖန်ရှုတ်ချမှု တွေရှိကြသော်ငြားလည်း ရှိတ်ဟာစီနာ အနေနဲ့တော့ ကမ္ဘာပေါ်မှာ အာဏာရယူထားနိုင်မှုအရှည်ကြာဆုံးအမျိုးသမီးလည်းဖြစ်လာခဲ့ပြီလို့ ဆိုရတော့မှာပါ။

Ref – Mint, Dhaka Tribune

Leave a Reply

Your email address will not be published. Required fields are marked *