October 19, 2024

အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ ပြင်ဆင်သင့်သည့် ကိစ္စရပ်များကို ပြင်ဆင်မည်ဟုပါ ပြော

၆. ၁. ၂၀၂၄
Written by Nyein Kyaw

သိက္ခာရှိသည့် အထွေထွေရွေးကောက်ပွဲ ပြန်လည်ကျင်းပ၍ အနိုင်ရသည့် ပါတီအား ဒီမိုကရေစီ စံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်ပေးမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မှတ်ပုံတင်ခွင့်ပြုပြီး နိုင်ငံရေးပါတီ ၃၉ ပါတီမှ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများ၊ တာဝန်ရှိသူများနှင့် ယနေ့ တွေ့ဆုံစဉ် ကတိပေး ပြောကြားခဲ့သည်။

မိမိတို့ ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်များအနက် နောက်ဆုံးအချက်တွင် “အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက အခြေခံဥပဒေ (၂၀၀၈) နှင့်အညီ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား ပြန်လည်ကျင်းပ၍ အနိုင်ရသည့် ပါတီအား ဒီမိုကရေစီ စံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်” ဟူ၍ ချမှတ်ထားကြောင်း၊ ယခင်အစိုးအရလက်ထက် ရွေးကောက်ပွဲ၌ သိက္ခာမဲ့သော ရွေးကောက်ပွဲဖြစ်ခဲ့သဖြင့် မိမိတို့အနေဖြင့် သိက္ခာရှိသည့် ရွေးကောက်ပွဲ ကျင်းပနိုင်ရေး အဘက်ဘက်မှ ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

ပြီးခဲ့သည့် ‌ရွေးကောက်ပွဲတွင် နိုင်သူအကုန်ယူ စနစ်ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ PR စနစ်ကျင့်သုံးရေးနှင့် ပတ်သက်ပြီး နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားအဖွဲ့အစည်းများနှင့် ဆွေးနွေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက် ၍ ပြင်ဆင်သင့်သည့် ကိစ္စရပ်များကို ပြင်ဆင်နိုင်ရေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထိုသို့ ပြင်ဆင်နိုင်ရန်အတွက် လွှတ်တော်လမ်းကြောင်းမှ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

ရွေးကောက်ပွဲအောင်မြင် အထမြောက်စေရေးအတွက် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်လျက်ရှိစဉ် လက်နက် ကိုင်အကြမ်းဖက်မှု ဖြစ်စဉ်များသည် အဟန့်အတားများ ဖြစ်ပေါ်စေလျက်ရှိကြောင်း၊ မိမိတို့အနေဖြင့် တည်ငြိမ်အေးချမ်းမှု စောလျင်စွာရရှိရေး ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲကို မဖြစ်ဖြစ်အောင် ပြုလုပ်၍ ရသည်ဖြစ်သော်လည်း နိုင်ငံ‌ရေးအရ သိက္ခာရှိသည့် ရွေးကောက်ပွဲ တစ်ရပ်ဖြစ်ရမည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

လက်ရှိတက်ရောက်လာကြသည့် ပါတီအားလုံးသည် ဒီမိုကရေစီစနစ်ကို လက်ခံယုံကြည်သူများ ဖြစ်သည်ဟု ယုံကြည်ကြောင်း၊ ပါတီဝင်အားလုံးအနေဖြင့် ပါတီ၏ အမာခံဖြစ်သကဲ့သို့ ဒီမိုကရေစီ၏ အမာခံဖြစ်ရန်လိုပြီး ပါတီအင်အားကို နိုင်ငံတော်အတွက် အကျိုးရှိရှိ မှန်မှန်ကန်ကန်ဖြင့် အသုံးချနိုင်ရန်လိုကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

နိုင်ငံရေးအရဖြစ်ပေါ်လာသည့် ပြဿနာများကို နိုင်ငံရေးအရ မဖြေရှင်းဘဲ အကြမ်းဖက်မှု နည်းလမ်းများဖြင့် ဖြေရှင်းရန်ကြိုးပမ်းလာမှုများကြောင့် နိုင်ငံတော်အတွင်း လက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပေါ်လာခဲ့ကြောင်း၊ တစ်ဖက်တွင်လည်း ပွဲလန့်တုန်းဖျာခင်း ဆိုသကဲ့သို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများက အကြမ်းဖက်မှုများကို ကျယ်ကျယ်ပြန့်ပြန့် ပုံဖော်လုပ်ဆောင်လာခဲ့ကြောင်း၊ ယခုအချိန်ထိလည်း တချို့နေရာများတွင် တိုက်ပွဲများဖြစ်ပွားလျက်ရှိဆဲပင်ဖြစ်ကြောင်း၊ အကြမ်းဖက်တိုက်ခိုက်မှုများ လျော့နည်းပပျောက်စေရေး တပ်မတော်အနေဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ပူးပေါင်း၍ ပြည်သူလူထု၏ အားများဖြင့် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

၂၀၂၁ ခုနှစ် နောက်ပိုင်းဖြစ်ပေါ်လာသည့် PDF များ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် နိုင်ငံတော်အတွက် ဆုံးရှုံးမှုများရှိသကဲ့သို့ ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်များလည်း ထိခိုက်ခဲ့ရကြောင်း၊ သဘောထားကွဲလွဲမှုများ၊ အားနည်းချက်များ၊ ပန်းတိုင်များကို ပါတီများအနေဖြင့် သိရှိနားလည်ထားရန်လိုပြီး ပါတီ၏ မူဝါဒများ၊ ပန်းတိုင်များကို စနစ်တကျဖြင့် တိကျခိုင်မှာအောင်ချမှတ် ဆောင်ရွက်ရန်လိုကြောင်း SAC ဥက္ကဋ္ဌက တိုက်တွန်းပြောကြားခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *