October 19, 2024

၆. ၁. ၂၀၂၄
Translated by Htwe Ko Tun

ထိုင်းနိုင်ငံ၊ နွန်သာဘူရီပြည်နယ်၊ ဘန်ဘူသောင်ခရိုင်အတွင်းရှိ တိုက်တန်းလျားတစ်ခု၌ ရေခဲသေတ္တာတစ်ခုအတွင်း ဖိသိပ်ထည့်ထားခြင်းခံရ၍ သေဆုံးနေသော အသက်နှစ်နှစ်ခန့်အရွယ် လမ်းလျှောက်တတ်ခါစ ယောင်္ကျားလေးတစ်ဦး၏ခန္ဓာကိုယ်ရုပ်အလောင်းအား ဇန်နဝါရီ ၆ ရက် နံနက်တွင် ရဲတပ်ဖွဲ့ကတွေ့ရှိခဲ့ပြီးနောက် အသက် ၂၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးအား ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သိရသည်။

သတင်းပေးအကြောင်းကြားချက်တစ်ခုအရ ရတ်တာနာတီဘက် လမ်းပေါ်ရှိ အိမ်ရာတစ်ခုသို့ ရဲတပ်ဖွဲ့ဝင်များ၊ဆေးပညာတာဝန်ရှိသူများ၊ ကယ်ဆယ်ရေးလုပ်သားများနှင့် ဆေးဘက်ဆိုင်ရာပညာရှင်များပူးပေါင်းပါဝင်သောအဖွဲ့က ဇန်နဝါရီ ၆ ရက်၊ နံနက် ၇ နာရီခွဲခန့်တွင် ရောက်ရှိလာခဲ့ကြခြင်းဖြစ်သည်။

အဆိုပါအိမ်ရာ၏ နှစ်ထပ်အမြင့်ရှိ တိုက်တန်းလျားအခန်းတစ်ခုမှ အိပ်ခန်းတစ်ခုအတွင်းရှိ ရေခဲသေတ္တာအတွင်း၌ နှစ်နှစ်အရွယ်ကလေးငယ်ကို စောင်ဖြင့်ရစ်ပတ်ကာ ဖိသိပ်၍ထည့်ထားသည်ကို ၎င်းတို့က တွေ့ခဲ့ရသည်။ရေခဲသေတ္တာမှာ စက်ဖွင့်ထားဆဲဟုလည်း ၎င်းတို့က ရှာဖွေတွေ့ရှိခဲ့သည်။

မာရီဆာဟု အမည်သိရသော အမျိုးသမီးကိုအနီး၌ တွေ့ရှိခဲ့ရကာ ထိုအမျိုးသမီးက ကလေးငယ် မကွယ်လွန်မီအထိ ကလေးနှင့်အတူနေထိုင်ခဲ့သော နောက်ဆုံးပုဂ္ဂိုလ်ဟုလည်း ရဲတပ်ဖွဲ့ကပြောခဲ့သည်။ သူမအား ဘန်ဘူသောင်ခရိုင်ရဲစခန်းသို့ ထိန်းသိမ်းခေါ်ဆောင်ကာ ရဲတပ်ဖွဲ့က စစ်ဆေးခဲ့သည်။

ကနဦးစစ်ဆေးချက်များအရ ကလေးငယ်၏ မိဘများက မူးယစ်ဆေးဝါးအမှုများဖြင့် ထောင်ဒဏ်ကျခံနေကြရာ မာရီဆာ နှင့် ဘန့် ဟုသိကြသော ၎င်း၏ခင်ပွန်းတို့က ကလေးငယ်ကြီးပြင်းရေးအတွက် တာဝန်ယူခဲ့ကြခြင်းဟုဆိုသည်။ ဘန့်က အိမ်ပိုင်ရှင်၏သားဟုလည်း စစ်ဆေးချက်များကဖော်ပြခဲ့သည်။

သတင်းအရင်းအမြစ်တစ်ခုကမူ ဇန်နဝါရီ ၂ ရက်က ကလေးငယ်အိပ်ပျော်နေစဉ် ကလေးငယ်၏ မျက်လုံးနှင့်လက်များအနီး၌ ပုရွက်ဆိတ်များကို မာရီဆာက သတိပြုမိခဲ့ကြောင်း၊ ပါးစပ်အတွင်း ကောက်ညှင်းဆန်များလည်းရှိကြောင်း၊ ၎င်း၏ခင်ပွန်းပြန်လာသည့်အခါ ကလေးငယ်မှာ သေဆုံးနေသည်ကိုတွေ့ရပြီး ရေခဲသေတ္တာအတွင်း ရွှေ့ခဲ့ကြခြင်းဖြစ်ကြောင်း မာရီဆာကပြောခဲ့သည်ဟုဆိုသည်။

ရဲတပ်ဖွဲ့ကမူ အမှုတွင် ကလေးငယ်သေဆုံးရခြင်း၏ တိကျသော အ‌ကြောင်းရင်းကို ဆက်လက်စုံစမ်းစစ်ဆေးဆဲဟုပင် သိရသည်။ သတင်းများအရ အိမ်ပိုင်ရှင်လင်မယားက ကလေးငယ်သေဆုံးမှုကို ရဲတပ်ဖွဲ့သို့အကြောင်းကြားခဲ့ခြင်းဟုသိရပြီး ၎င်းတို့၏သား ဘန့်ကိုမှု ထိုနေရာတွင်မတွေ့ရှိဟု သိရသည်။

REF—–Bangkok Post

Leave a Reply

Your email address will not be published. Required fields are marked *