October 19, 2024

၆. ၁. ၂၀၂၄
Written By Thandar

၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားမှာ အကယ်ဒမီရွှေစင်ရုပ်တုရှိ ရွှေကြယ်နဲ့ အကယ်ဒမီပေးပွဲကို တက်ရောက်လာကြမယ့်အကယ်ဒမီ ဆုရ အနုပညာရှင်၊ အတတ်ပညာရှင်တွေကို ရွှေစင်ရုပ်တုရင်ထိုးတံဆိပ်တွေအတွက် လိုအပ်တဲ့ရွှေတွေကို နိုင်ငံ တော်က ကျခံသွားမယ်လို့ ဇန်နဝါရီ ၅ ရက်က ကျင်းပတဲ့ ၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားကျင်းပရေးဦးစီးကော်မတီ လုပ်ငန်းညှိနှိင်းအစည်းအဝေးက သိရပါတယ်။

“ကျွန်တော်တို့ ယခင်နှစ်တွေကတော့ ရွှေစင်ရုပ်တုရဲ့ ရွှေစင်ကြယ်ကို ရွှေ ၅ ကျပ်သား ချီးမြှင့်ခဲ့သလို ဒီနှစ်အကယ်ဒမီ ရွေစင်ကြယ်ကိုလည်း ရွှေ ၅ ကျပ်သားနိုင်ငံတော်က ချီးမြှင့်မယ်လို့ အစည်းအဝေးက သိရပါတယ်။ ဒါ့ပြင် ယခင်နှစ်တွေက အကယ်ဒမီရရှိထားတဲ့ အကယ်ဒမီဆုရအနုပညာရှင်၊ အတတ်ပညာရှင်တွေအတွက်လည်း ရွှေရင်ထိုးတံဆိပ်တွေ ရွှေတွေကို နိုင်ငံတော်ကချီးမြှင့်မှာဖြစ်ပါတယ်။ ခုချိန်မှာ ကျွန်တော်က ဒုတိယအကြိမ် အကယ်ဒမီစာရင်း ဇာတ်ကား ၁၂ ကားကိုတော့ ကြည့်ရှု စိစစ်ပြီးပါပြီ။ Nomination ဝင်မယ့်ဇာတ်ကားစာရင်း ကြေညာဖို့အတွက်ကတော့ မသိရသေးပါဘူး”လို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဒုတိယဥက္ကဋ္ဌဦးအေးကြူလေးက MT news ကို ပြောပါတယ်။

၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို လာမယ့် ဖေဖော်ဝါရီ ၃ ရက်မှာ နေပြည်တော်ရှိ MICC-1 ခန်းမမှာ ကျင်းပသွားမှာဖြစ်ပြီးပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ အဆိုပါ အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ဖို့အတွက် ယခုအချိန်မှာ လုပ်ငန်းအများအပြား ချိတ်ဆက်ဆောင်ရွက်လျက်ရှိတယ်လို့ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ ရေးဦးစီးကော်မတီဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ပြောဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးအနေနဲ့ ဇာတ်ကားစိစစ်အကဲဖြတ် လုပ်ငန်းအနေနဲ့ ပထမအဆင့် ၂၀၂၃ ခုနှစ်အတွင်းရုံတင်ပြသခဲ့တဲ့ ဇာတ်ကား ၃၅ ကားကို စိစစ်ခဲ့ပြီး ဒုတိယအဆင့်အနေနဲ့ ရွေးချယ်ထားတဲ့ ဇာတ်ကား ၁၂ ကားကို ဇန်နဝါရီ ၃ ရက်က အပြီးအစီး စိစစ်ဆောင်ရွက်ပြီးဖြစ်တယ်လို့သိရပါတယ်။ မကြာခင်ရက်ပိုင်းက ရွှေကြိုမောင်မယ်အမျိုးသား ၁၃ ဦးနဲ့ အမျိုးသမီး ၁၃ ဦးတို့ကို ရွေးချယ်ခဲ့တဲ့အပြင် ယခုနှစ်ရဲ့ ထူးခြားမှုအနေနဲ့ ရုပ်ရှင်အနာဂတ်အတွက် သရုပ်ဆောင်တွေကိုလည်း မွေးထုတ်ပေးဖို့ ရည်ရွယ်ချက်နဲ့ ရွှေကြိုရွေးချယ်ရေးအဖွဲ့ ၊ ရုပ်ရှင်ထုတ်လုပ်ရေး ၊ ရုပ်သံလိုင်းတွေက ပူပေါင်းပြီး သရုပ်ဆောင် ၄၃ ဦးကို ရွေးချယ်ထားတာဖြစ်ပါတယ်။

“ကျွန်တော်တို့ အကယ်ဒမီစာရင်းဝင်ဇာတ်ကား ၁၂ ကားကို ဒုတိယအကြိမ် ကြည့်ရှုစစ်ဆေးနေတာလည်းဖြစ်ပါတယ်။ ဆန်ခါတင်စာရင်းဇာတ်ကားတွေကို အတိအလင်းကြေညာဖို့တော့ ပြောကြားထားတာ မရှိသေးပါဘူး။ လက်ရှိကြည့်ရှုနေတဲ့ ဇာတ်ကားတွေထဲမှာတော့ ဇာတ်ကောင်းတွေလည်း တော်တော်လေးပါပါတယ်။ ဇာတ် လမ်းဇာတ်အိမ်ကောင်းတဲ့ ကားတွေပါတော့ အကြိတ် အနယ်ပါပဲ။ဒီဇာတ်ကားကောင်းတွေထဲက သရုပ်ဆောင်တွေ ထူးချွန်သူတွေ ဆုတွေရရှိဖို့အတွက် ပြန်လည် စစ်ဆေးကြည့်ရှုနေကြပါတယ်”လို့ ဒါရိုက်တာအကယ်ဒမီ ဦးဇော်မြင့်ဦးက MT news ကို ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *