October 19, 2024

ပုံစာ- ပဲခူးတိုင်းအတွင်းရှိ မတ်ပဲစိုက်ပျိုးသည့် တောင်သူများကို တွေ့ရစဉ်

၆. ၁. ၂၀၂၄
Written by Ye Kyaw

အိန္ဒိယနိုင်ငံမှ မတ်ပဲနှင့် ပဲစင်းငုံ လွတ်လပ်စွာ တင်သွင်းခွင့်အား လာမည့် ၂၀၂၅ ခုနှစ်၊ မတ်လအကုန်အထိ ထပ်မံတိုးမြှင့်လိုက်၍ မြန်မာ့ပဲစိုက်တောင်သူများနှင့် ပဲတင်ပို့သူများအတွက် ပဲဈေးကွက် ခိုင်မာစေမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဇန်နဝါရီ ၅ ရက်တွင် ထုတ်ပြန်ထားသည်။

အိန္ဒိယနိုင်ငံ ကူးသန်းရောင်းဝယ်ရေးနှင့်စက်မှုဝန်ကြီးဌာန၊ ကူးသန်းရောင်းဝယ်ရေးဌာနက မတ်ပဲနှင့် ပဲစင်းငုံတို့အား ကန့်သတ်ကုန်စည်အဖြစ်မှ လွတ်လပ်စွာ (Free) တင်သွင်းခွင့်အား ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်တွင် အမိန့်ကြော်ငြာစာအမှတ် (၅၂/၂၀၁၅-၂၀၂၀) ဖြင့် ၂၀၂၄ ခုနှစ်၊ မတ်လ ၃၁ ရက်အထိသာ တိုးမြှင့်ပေးထားခြင်းဖြစ်သည်။

၂၀၂၄ ခုနှစ် မတ်လကုန်တွင် ကုန်ဆုံးတော့မည့် မတ်ပဲနှင့်ပဲစင်းငုံ လွတ်လပ်စွာ တင်သွင်းခွင့်အား အိန္ဒိယနိုင်ငံက (၂၈.၁၂.၂၀၂၃) ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၅၄/၂၀၂၃)ဖြင့် လာမည့် ၂၀၂၅ ခုနှစ် မတ်လ ၃၁ ရက်အထိ ထပ်မံသက်တမ်းတိုးမြှင့်ပေးခဲ့ခြင်းဖြစ်သည်။

“အမှန်က သူတို့က ဖြစ်တတ်တယ်ဗျ။ ကျွန်တော်တို့နဲ့ MoU လည်းထိုးထားတယ်။ ဒါပေမဲ့ သူတို့ရဲ့ ဘဏ္ဍာရေးနှစ်ကလည်း ကျွန်တော်တို့လို ဧပြီကနေ မတ်လဆိုတော့ မတ်လမှာ သက်တမ်းကုန်တဲ့ဟာကို သက်တမ်းသာ ကုန်သွားတယ် မပြောဘူးပေါ့ဗျာ။ ရှေ့နှစ်ကို ဘယ်လိုလုပ်မယ်ဆိုတာကို မပြောဘူးပေါ့။ ဒါမျိုးတွေလည်း ဖြစ်ခဲ့ဖူးတယ်။ မတ်လဆိုပေမဲ့ ဩဂုတ်လလောက်ထဲက ဒီနှစ်အတွက် ရပ်လိုက်မယ်လို့ ရှေ့တုန်းက အတွေ့အကြုံရှိခဲ့တယ်။ အခုတော့ အဲလိုမဟုတ်တဲ့အတွက်ကြောင့် ကိုယ့်အတွက်က အခြေအနေကောင်းတဲ့သဘောပေါ့။ ရောင်းရေး၊ ဝယ်တာမှာ အကျိုးသက်ရောက်မှုနဲ့ သူတို့ကလည်း ပြောလာတယ်ဆိုတော့ ပိုပြီးတော့ ဈေးကွက်ချိန်ဆလို့ ရသွားတာပေါ့” ဟု မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်း၏ အကြံပေးပုဂ္ဂိုလ် ဦးစိုးဝင်းမောင်က ပြောသည်။

မြန်မာနိုင်ငံမှ ထွက်ရှိသည့် ပဲမျိုးစုံအနက် မတ်ပဲ၊ ပဲစင်းငုံနှင့် ပဲတီစိမ်းတို့ကို ပြည်ပသို့ အဓိကတင်ပို့နေခြင်းဖြစ်ပြီး ယင်းအနက် မတ်ပဲနှင့် ပဲစင်းငုံတို့ကို အိန္ဒိယနိုင်ငံသို့ အဓိကတင်ပို့နေခြင်းဖြစ်ကာ ပြည်ပသို့ ပဲတင်ပို့ရာတွင်လည်း အိန္ဒိယနိုင်ငံသို့ အများဆုံးတင်ပို့နေခြင်းဖြစ်သည်။ ပဲတီစိမ်းကိုမူ တရုတ်နိုင်ငံနှင့် ဥရောပဈေးကွက်သို့ အဓိက တင်ပို့နေခြင်းဖြစ်သည်။

လက်ရှိ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဒီဇင်ဘာ ၂၂ အထိ ကိုးလအတွင်း ပြည်ပသို့ ပဲမျိုးစုံတန်ချိန် တစ်သန်းကျော် တင်ပို့ထားပြီး အိန္ဒိယသို့ အဓိကတင်ပို့နေသည့် မတ်ပဲနှင့် ပဲစင်းငုံတင်ပို့မှုသည် တန်ချိန် ၆၇၉,၀၀၀ ခန့်ရှိကာ ဝင်ငွေဒေါ်လာ ၈၁၄ သန်းကျော် ရရှိထားပြီး စုစုပေါင်းတင်ပို့မှု၏ ရာခိုင်နှုန်း ၆၀ ကျော်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

ပြည်တွင်းဈေးကွက်အတွင်း ၂၀၂၃ ခုနှစ် ရာသီပေါ် မတ်ပဲတစ်တန်လျှင် ကျပ်သိန်း ၃၀ နီးပါးမှ ကျပ် ၃၃ သိန်းကျော်၊ ၂၀၂၃ ခုနှစ်ရာသီပေါ် ပဲစဉ်းငုံ တစ်တန်လျှင် ကျပ် ၃၃ သိန်းခွဲကျော် ဖြစ်ပေါ်လျက်ရှိကြောင်း ဘုရင့်နောင်ကုန်စည်ဒိုင်မှ ယမန်နေ့က ထုတ်ပြန်ထားသည့် ဈေးနှုန်းများအရ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *