October 19, 2024

၆. ၁. ၂၀၂၄
Translated by Htwe Ko Tun

ဂျပန်နိုင်ငံ နိုတိုကျွန်းဆွယ်ဒေသနှင့် နိုင်ငံအလယ်ပိုင်းဒေသများတွင် ဇန်နဝါရီ ၁ ရက်က လှုပ်ခတ်သွားခဲ့သော ရစ်ချ်တာစကေး ၇ ဒသမ ၆ ရှိ အင်အားပြင်းထန်လှသော ငလျင်ကြောင့် သေဆုံးသူများမှာ ဇန်နဝါရီ ၆ ရက် နံနက်တွင် ဦးရေ ၁၀၀ အထိရှိလာပြီဖြစ်ကြောင်းနှင့် လူ ၂၀၀ ကျော်မှာလည်း ငလျင်လှုပ်ခတ်အပြီးတွင် ပျောက်ဆုံးနေကြဆဲဖြစ်ကြောင်း ဒေသအာဏာပိုင်များက ပြောကြားခဲ့ကြသည်။

အင်အားပြင်းထန်လှသောငလျင်ကြောင့် အဆောက်အအုံထိခိုက်ပျက်စီးမှုများ ကြီးမားစွာဖြစ်စေခဲ့ကာ ဂျပန်ပင်လယ်ကမ်းရိုးတန်းရှိ အီရှီကာဝါ စီရင်စု အတွင်းတွင် မီးလောင်ကျွမ်းမှုများလည်းဖြစ်ခဲ့ရသည်။ ငလျင်ဒဏ်ကို အပြင်းထန်ဆုံးခံခဲ့ရသည့် ဝါဂျိမာမြို့အတွင်းတွင်ဆိုလျှင် အဆောက် အအုံအပျက်အစီးများအောက်၌ လှောင်ပိတ်မိနေကာ ကယ်ဆယ်မှုပြုမည့်သူများကို စောင့်ဆိုင်းနေသူများရှိသည့်နေရာပေါင်း ၁၀၀ ခန့်ရှိလိမ့်မည်ဟု ယုံကြည်ရကြောင်း မြို့၏တာဝန်ရှိသူများက ပြောခဲ့ကြသည်။

အီရှီကာဝါ စီရင်စု အတွင်းတွင် ဇန်နဝါရီ ၆ ရက် နံနက်အထိ ငလျင်လှုပ်အပြီး ပျောက်ဆုံးနေသူ ၂၁၁ ဦးအထိရှိမည်ဟုကယ်ဆယ်ရေးသမားများက ပြောခဲ့ကြသည်။ ကယ်ဆယ်ရေးသမားများအနေနှင့်လည်း အဆောက်အအုံအပျက်အစီးများအောက်တွင်ပိတ်မိနေနိုင်သော ပျောက်ဆုံးနေသူများအားကြိုးစားရှာဖွေလျက်ရှိကြသည်။ ဒေသအတွင်း ဇန်နဝါရီ ၇ ရက်တွင် မိုးရွာသွန်းနိုင်ကာ နှင်းများကျဆင်းလာနိုင်သည်ဟု ရာသီဥတုခန့်မှန်းချက်လည်း ထုတ်ပြန်ထားသည်။

ဂျပန်ဝန်ကြီးချုပ် ဖူမီအို ကီရှီဒါက ငလျင်ဘေးဒဏ် ကယ်ဆယ်ရေးအတွက် ၎င်း၏ရုံး၌ ဝန်ကြီးဌာနများနှင့် အေဂျင်စီများမှ တာဝန်ရှိသူများကိုတွေ့ဆုံရာ၌ ပျောက်ဆုံးနေသူများ၏ အသက်များကို တတ်နိုင်သမျှ ပြန်လည်ကယ်တင်နိုင်ရန် ဇွဲမလျှော့ဘဲ ကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ကြပါရန် ပြောကြားသွားခဲ့သည်။

အီရှီကာဝါစီရင်စုအတွင်း ငလျင်ဒဏ်ခံရသောဒုက္ခသည်များ စုစုပေါင်း ၃၁,၀၀၀ ကျော်ကို ယာယီဒုက္ခသည်စခန်း ၃၅၇ ခု၌ ကယ်ဆယ်ထားရရာ ၎င်းတို့အတွက် အထောက်အပံ့ပစ္စည်းများ ဖြန့်ဝေနိုင်ရေးကိုလည်း အာဏာပိုင်များက အထူးဆောင်ရွက်လျက်ရှိသည်။ အဆိုပါ ယာယီဒုက္ခသည်စခန်းအချို့တွင် ရေချိုးခန်းများအားဆေးကြောရန် သုံးစွဲရေမရရှိဘဲဖြစ်နေကြရာ ဒုက္ခသည်တို့အတွက် တစ်ကိုယ်ရေနှင့်ပတ်ဝန်းကျင်သန့်ရှင်းရေးတို့ကိုထိခိုက်စေကာ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးပြဿနာများလည်း ပေါ် ပေါက်လာစေလျက်ရှိသည်။

နောက်ဆက်တွဲငလျင်များလည်း ဆက်လက်လှုပ်ခတ်လျက်ရှိသေးရာ နိုတိုဒေသအတွင်း ဇန်နဝါရီ ၆ ရက်နံနက်က ပြင်းအား ရစ်ချ်တာစကေး ၅ ဒသမ ၃ ရှိ ငလျင်တစ်ခု လှုပ်ခတ်သွားခဲ့သေးကြောင်း သိရသည်။

Ref- Kyodo News

Leave a Reply

Your email address will not be published. Required fields are marked *