October 19, 2024

ကာရေဘီယံကျွန်းကမ်းလွန်ပင်လယ်ပြင်မှာ လေယာဥ်ပျက်ကျမှုကြောင့် လိုက်ပါသူလေးဦးစလုံး သေဆုံးခဲ့ရ

၆. ၁. ၂၀၂၃
Written by Pan Ei

Speed ​​Racer နဲ့ Valkyrie ရုပ်ရှင်လို နာမည်ကြီးရုပ်ရှင်တွေရဲ့ ကြယ်ပွင့် ဂျာမန်မင်းသား Christian Oliver နဲ့ သူ့ရဲ့သမီးငယ်နှစ်ယောက်ဟာ ကာရေဘီယံကျွန်း ကမ်းလွန်ပင်လယ်ပြင်မှာ လေယာဉ်ပျက်ကျပြီး သေဆုံးသွားခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ကြာသပတေးနေ့ (ဇန်နဝါရီလ ၄ ရက်)က Christian Oliver နဲ့ သူ့သမီးနှစ်ယောက်ဟာ အင်ဂျင်တစ်လုံးတည်းပါ လေယာဉ်ငယ်နဲ့ Saint Vincent and the Grenadines နိုင်ငံက ကျွန်းငယ်တစ်ခုဖြစ်တဲ့ Bequia ကနေ အိမ်နီးချင်းနိုင်ငံတစ်ခုဖြစ်တဲ့ စိန့်လူယာစီကို ပျံသန်းနေချိန် “လေယာဉ်ပျံတက်ပြီး ခဏအကြာမှာပဲ လေယာဉ်က သမုဒ္ဒရာထဲကို ပြုတ်ကျသွားတယ်” လို့ စုံစမ်းစစ်ဆေးသူတွေက ပြောကြားခဲ့ပါတယ်။

မင်းသား Christian Oliver ဟာ အမည်ရင်း Christian Klepser ဖြစ်ပြီး ကွယ်လွန်ချိန်မှာ အသက် ၅၁ နှစ်အရွယ်ရှိပြီဖြစ်ကာ သေဆုံးခဲ့တဲ့ သူရဲ့ သမီးနှစ်ယောက်ကတော့ အသက် ၁၀ နှစ်အရွယ် Madita နဲ့ အသက် ၁၂ နှစ်အရွယ် Annik တို့ဖြစ်ကြပါတယ်။ ဒါ့အပြင် သူတို့နဲ့အတူ အမေရိကန်လူမျိုး Robert Sachs လို့ အမည်ရတဲ့ လေယာဉ်ပိုင်ရှင်နဲ့ လေယာဉ်မှူးလည်း သေဆုံးခဲ့ပါသေးတယ်။

Bequia ကျွန်းငယ်လေးရှိ ဒေသခံရေငုပ်သမားတွေနဲ့ တံငါသည်တွေက အခင်းဖြစ်ပွားရာနေရာကို သွားရောက်အကူအညီပေးခဲ့ကြောင်း ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရသလို သေဆုံးသူလေးဦးစလုံးကိုလည်း ပြန်လည်တွေ့ရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။

သေဆုံးသူတွေကို ရင်ခွဲစစ်ဆေးမှုတွေ ပြုလုပ်ဖို့ စိန့်ဗင်းဆင့်ကို ပို့ဆောင်ခဲ့ပြီး လေယာဉ်ပျက်ကျရတဲ့ အကြောင်းရင်းကိုတော့ မသိရသေးပါဘူး။

Oliver ရဲ့သရုပ်ဆောင်အသက်မွေးဝမ်းကြောင်းဟာ Saved by the Bell: The New Class ရှိုးမှာ အပိုင်း ၂၆ ပိုင်းနဲ့ ၁၉၉၄ ခုနှစ်က စတင်ခဲ့ခြင်းဖြစ်ကာ သူဟာ The Good German, Speed ​​Racer နဲ့ Valkyrie တို့မှာ ပါဝင်သရုပ်ဆောင်ခဲ့သလို ဂျာမန်စီးရီး Alarm for Cobra 11 ရဲ့ Season နှစ်ခုမှာလည်း စုံထောက်အဖြစ် ပါဝင်ခဲ့တာကြောင့် လူသိများပြီး Call of Duty နဲ့ Medal of Honor ဗီဒီယိုဂိမ်းစီးရီးတွေမှာလည်း အသံသရုပ်ဆောင်အဖြစ် ပါဝင်ခဲ့ပါတယ်။

Ref; The Guardian

Leave a Reply

Your email address will not be published. Required fields are marked *