October 19, 2024

၆. ၁. ၂၀၂၄

Written by Nay Moe

အမှိုက်ပုံမှာ ထောင်ထားတဲ့မိုင်းက ပေါက်ကွဲမှုဖြစ်ပွားတာကြောင့် အမှိုက်ကောက်တဲ့မိသားစု မိုင်းစထိမှန်ဒဏ်ရာရပြီး ကလေးငယ်တစ်ဦး သေဆုံးသွားမှု စစ်ကိုင်းမြို့မှာဖြစ်ပွားခဲ့တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဖြစ်စဉ်ဟာ ဇန်နဝါရီ ၃ ရက် မနက် ၉ နာရီ ၄၅ မိနစ်မှာ စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ နီလာရပ်ကွက်မှာ ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာမှာ နီလာရပ်ကွက်ရှိ ဦးပြားပဲခွဲစက်အနီး အမှိုက်ပုံအတွင်းမှာ PDF အဖွဲ့က ထောင်ထားတဲ့ လက်လုပ်မိုင်းတစ်လုံးပေါက်ကွဲခဲ့တာလို့ သိရပါတယ်။

ဒီ ပေါက်ကွဲမှုကြောင့် အမှိုက်ပုံမှာ ပုလင်းခွံကောက်နေကြတဲ့ နီလာရပ်ကွက်နေ ဦးအောင်အောင်(၄၅)နှစ်နဲ့ ချွေးမဖြစ်သူ မသင်းသင်းလှ(၃၂)နှစ်၊ မြေးတွေဖြစ်တဲ့ မရှိုင်းဝါဆို (၃)နှစ်နဲ့ မောင်ဇေယျာလင်း(၇)နှစ်တို့ မိုင်းစထိမှန်ဒဏ်ရာတွေရရှိခဲ့ကြပြီး ဆေးကုသနိုင်ရေး စစ်ကိုင်းမြို့နယ်ပြည်သူ့ဆေးရုံကို ပို့ဆောင်ကုသချိန် မောင်ဇေယျာလင်းဟာ သေဆုံးသွားခဲ့တာလို့ သိရပါတယ်။

အလားတူပဲ အဲဒီနေ့ မွန်းလွဲ ၃ နာရီ ၂၀ မိနစ်မှာ မန်တုံမြို့နယ်၊ အမှတ်(၁)ရပ်ကွက်နေ ကိုအောင်စိုးဝင်း(၂၅)နှစ်ဟာ နေအိမ်ကနေ နမ္မတူမြို့သို့ ထွက်ခွာလာချိန် နမ္မတူမြို့အနီးအရောက် အကြမ်းဖက်အဖွဲ့(စိစစ်ဆဲ)က ထောင်ထားတဲ့ မိုင်း တစ်လုံးကို နင်းမိပေါက်ကွဲခဲ့တာကြောင့် မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့သလို ည ၈ နာရီအချိန်မှာလည်း မိုးကုတ်မြို့နယ်၊ လယ်ဦးရပ်ကွက်နေ ကိုယောရှု(၂၉)နှစ်ဟာ ပိန်းပြစ်ကျေးရွာရှိ ဇလပ်နီတောင်ပေါ်ကို တောင်ဇလပ် ပန်းခူးဖို့ ဆိုင်ကယ်ဖြင့်ထွက်ခွာလာချိန် တောင်ခြေအရောက် အကြမ်းဖက်အဖွဲ့(စိစစ်ဆဲ)က ထောင်ထားတဲ့ လက်လုပ်မိုင်းတစ်လုံးကို နင်းမိပေါက်ကွဲခဲ့တာကြောင့် မိုင်းစထိမှန် ဒဏ်ရာများရရှိခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *