October 19, 2024

၆. ၁. ၂၀၂၄
Written by Nay Moe

၂၀၂၄ ခုနှစ် ဇန်နဝါရီ ၅ ရက်နေ့မှာ ထောင်နဲ့ချီတဲ့တပ်ဖွဲ့ဝင်တွေ ပါဝင်တဲ့ ဒကစ (လောက်ကိုင်) ဟာ လက်နက်ချခဲ့သလို ဒကစ (လောက်ကိုင်) ကို စစ်ကူပေးဖို့ ရောက်ရှိလာကြတဲ့ မြန်မာနိုင်ငံအနှံ့က တပ်မ၊ တပ်ရင်းအစုံ တစ်ယောက်မကျန် လက်နက်ချရာမှာပါဝင်ခဲ့တယ်လို့ မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့က ထုတ်ပြန်ထားပါတယ်။

လက်နက်ချအညံ့ခံသူတွေထဲမှာ အရာရှိ ၂၂၈ ဦးပါဝင်ခဲ့ပြီး ဗိုလ်မှူးချုပ်အဆင့်ရှိသူ ၆ ဦးပါဝင်သလို ရဲဘော်ကနေ အခြားအဆင့်ရှိသူ ၁၈၉၅ ဦး ပါဝင်တဲ့အပြင် မိသားစုဝင်အားလုံး စုစုပေါင်း ၁၆၀၁ ဦးလည်း ပါဝင်ခဲ့ပြီး အားလုံးကို သွားလိုတဲ့နေရာသွားနိုင်ဖို့ လုံခြုံတဲ့နေရာပို့ထားခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။

နောက်ဆက်တွဲမှာလည်း ပွိုင့် (၂၀၂၂) လို့ လူသိများပြီး ကိုးကန့်အခေါ် “နမ်ထင်းမိန်ရှန်း” က တပ်ဖွဲ့ဝင် ၂၆၆ ဦးကလည်း နောက်ဆုံးအသုတ်အနေနဲ့ လက်နက်ချခဲ့တာကြောင့် လက်နက်ချသူ စုစုပေါင်း ၂၃၈၉ ယောက်အထိရှိခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။

‌ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရဲ့ အဓိကမြို့ဖြစ်တဲ့ လောက်ကိုင်မြို့ကို တပ်မတော် စွန့်လွှတ်လိုက်ရတာနဲ့ ပတ်သက်ပြီး တပ်မတော်အနေနဲ့ အဖက်ဖက်က စဉ်းစားပြီး ဒေသခံတပ်မှူးတွေက အကောင်းဆုံး စဉ်းစားဆုံးဖြတ်ခဲ့တာလို့ နစက ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက Popular News ကို ဖြေဆိုထားပါတယ်။

“တပ်မတော် အနေနဲ့ လောက်ကိုင်ဒေသ အခြေအနေနဲ့ပတ်သတ်ပြီး အဖက်ဖက်က စဥ်းစားခဲ့ပါတယ်။ စဥ်းစားခဲ့တဲ့နေရာမှာ နံပါတ်(၁) အနေနဲ့ မိသားစုဝင်များရဲ့ လုံခြုံရေးကို စဉ်းစားပါတယ်။ လောက်ကိုင်ဒေသမှာက တပ်မတော်သားအပြင် တပ်မတော်သားတွေရဲ့ မိသားစုဝင်တွေ နေထိုင်တာဖြစ်တယ်။ မိသားစုဝင်တွေရဲ့ လုံခြုံရေးကို ဦးစားပေး စဥ်းစားခဲ့ပါတယ်” လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောတာကို ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက တရုတ်နိုင်ငံဘက်ကို လက်နက်ကြီးကျည်ကျတာကြောင့် တရုတ်နိုင်ငံသားအချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့တဲ့အပေါ် တရုတ်နိုင်ငံက ကန့်ကွက် ဖိအားပေးမှုလည်း ရှိခဲ့ပြီး လက်ရှိမှာ လောက်ကိုင်ကိုစွန့်လွှတ်ရတာက တရုတ်-မြန်မာချစ်ကြည်ရေးကို စဥ်းစားဆုံးဖြတ်တာလို့လည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

” အဲဒီဘက်မှာက မြန်မာ့တပ်မတော်က ပစ်ခတ်တာမဟုတ်ဘဲနဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေက ပစ်ခတ်ပြီး မြန်မာ့တပ်မတော်က ပစ်ခတ်သယောင် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု ပျက်ပြားအောင် လုပ်ဆောင်နေတာတွေရှိပါတယ်။ အဲဒီအချက်တွေကို ထည့်သွင်းစဥ်းစားခဲ့ပြီး ဒေသခံ တပ်မှူးများအနေနဲ့ အကောင်းဆုံး စဥ်းစားခဲ့တာလို့ဘဲ ပြောချင်ပါတယ်” လို့လည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆက်လက်ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *