October 19, 2024

၆. ၁. ၂၀၂၄
Translated by Htwe Ko Tun

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ဝန်ကြီးချုပ် အစိနာ၏ အဝါမီပါတီအစိုးရက ဘင်္ဂလားဒေ့ရှ်မျိုးချစ်ပါတီ(BNP) ခေါင်းဆောင်သော အတိုက်အခံများ၏တောင်းဆိုချက်များကို လိုက်လျောခြင်းမပြုဘဲ ဇန်နဝါရီ ၇ ရက်တွင် အထွေထွေ ရွေးကောက်ပွဲကို ကျင်းပရန်ဆက်လက်စီစဉ်ထားခဲ့ရာ ရွေးကောက်ပွဲမတိုင်မီ အကြမ်းဖက်ဆန့်ကျင်သည့် လုပ်ရပ်များလည်း နိုင်ငံအနှံ့ဖြစ်ပွားလျက်ရှိသည်။

ထိုသို့ အကြမ်းဖက်အဖျက်အမှောင့် လုပ်ငန်းတစ်ရပ်အဖြစ် ဇန်နဝါရီလ ၅ ရက် ညပိုင်းက Benapole အမြန်ရထားမှာမီးရှို့ဖျက်ဆီးခံခဲ့ရပြီး မီးက လျင်မြန်စွာကူးစက်လောင်ကျွမ်းခဲ့ရာ ခရီးသည်များအား ကယ်ဆယ်မှုများ ပြုလုပ်ခဲ့သော်လည်း အနည်းဆုံး ငါးဦးသေဆုံးပြီး ၁၉ ဦးဒဏ်ရာရခဲ့ကြောင်း မြို့တော်ဒက္ကာ ရဲတပ်ဖွဲ့၏ မဟာမင်းကြီး(ရာဇဝတ်မှုနှင့် လုပ်ငန်းလည်ပတ်မှုဆိုင်ရာ) မာဟစ် အုဒင်က ပြောခဲ့သည်။

အဆိုပါ ရထားမီးရှို့မှုက ဒက္ကာမြို့၏ ဂိုပီဘာ့ဂ် ဒေသတွင် ည ၉ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်းနှင့် ထိုသို့လုပ်ကိုင်မှုမှာအဖျက်အမှောင့်လုပ်ငန်းတစ်ရပ်သာ ဖြစ်ပြီး မည်သူပြုလုပ်သည်ကို အတိအကျမပြောနိုင်သေးကြောင်း၊ သို့သော် ထိုလုပ်ရပ်က ကြိုတင်ကြံစည်ပြုလုပ်မှုတစ်ရပ်ဟု ယူဆရကြောင်း ဇန်နဝါရီ ၅ ရက် ည ၁၁ နာရီခွဲခန့်တွင် သတင်းစာဆရာများသို့ မာဟစ်အုဒင်က ပြောခဲ့သည်။

ထိုကဲ့သို့သော လုပ်ရပ်မှာ သာမန်ပြည်သူများ၊ ကလေးငယ်များနှင့် အမျိုးသမီးများကို ထိခိုက်အန္တရာယ်ဖြစ်စေသည့် လူသားမဆန်သည့် လုပ်ရပ်သာဖြစ်ကြောင်းလည်း ၎င်းက ဆက်လက်ပြောခဲ့သည်။ ထို့ပြင် ရထားမီးရှို့ခဲ့သူများက ခရီးသည်များဟန်ဆောင်ကာ လိုက်ပါလာကြခြင်းဖြစ်ကြောင်းလည်း ပြောကြားသွားခဲ့သည်။

မီးရှို့မှုကြောင့် ရထားတွဲငါးတွဲခန့်မီးလောင်ကျွမ်းပျက်စီးခဲ့ကာ ည ၁၀ နာရီ ၂၀ ခန့်တွင် မီးကိုထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရသည်။

Ref- WION

Leave a Reply

Your email address will not be published. Required fields are marked *