October 19, 2024

၆. ၁. ၂၀၂၃
Written by Pan Ei

စင်ကာပူနိုင်ငံ Jurong ဒေသက တည်ဆောက်ဆဲ အမြန်ရထားလိုင်း လုပ်ငန်းခွင်မှာ မြန်မာဆောက်လုပ်ရေးလုပ်သားတစ်ဦးဟာ ဇန်နဝါရီ ၄ ရက် မနက်အစောပိုင်းက မပြီးစီးသေးတဲ့ ပလပ်ဖောင်းအစွန်း ၇ မီတာခွဲ (၂၄ ဒသမ ၇ ပေ) အမြင့်ကနေ ပြုတ်ကျပြီးနောက် သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

မတော်တဆမှုဟာ Jurong ဒေသမှာ ဇန်နဝါရီ ၄ ရက် နံနက် ၂ နာရီ ၃၀ မိနစ်ခန့်မှာ ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ ပြုတ်ကျခဲ့သူက အသက် ၂၇ နှစ်အရွယ် မြန်မာနိုင်ငံသားဖြစ်ပြီး သူ့ကို အန်တန်ဖောင် အထွေထွေရောဂါကုဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ပေမဲ့ ဒဏ်ရာတွေကြောင့် သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

မတော်တဆမှုဖြစ်ပြီးနောက် အမြန်ရထားဆောက်လုပ်ရေးလုပ်ငန်းခွင်က လုပ်ငန်းဆောင်တာတွေအားလုံးကို ချက်ချင်းရပ်တန့်ခဲ့ပြီး ကုန်းလမ်းပို့ဆောင်ရေးအာဏာပိုင်အဖွဲ့ (LTA) ကို စနေနေ့ (ဇန်နဝါရီ ၆ ရက်) က မေးမြန်းခဲ့ရာမှာတော့ ဘေးကင်းရေးဖြစ်ရပ်တွေကို လေးနက်စွာရှုမြင်ဖို့ လိုအပ်ကြောင်း ပြောကြားခဲ့ပါတယ်။

အခုလက်ရှိမှာ မတော်တဆမှုနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေလုပ်ဖို့ ကုန်းလမ်းပို့ဆောင်ရေးအာဏာပိုင်အဖွဲ့က လူ့စွမ်းအားဝန်ကြီးဌာနနဲ့ ပူပေါင်းဆောင်ရွက်နေကြောင်း သိရကာ “သေဆုံးသွားတဲ့ အလုပ်သမားရဲ့ မိသားစုနဲ့ ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရပါကြောင်းနဲ့ ထောက်ပံ့ကူညီမှုတွေပေးဖို့ ကန်ထရိုက်တာတွေနဲ့ လက်တွဲဆောင်ရွက်နေပါတယ်။” လို့လည်း တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။

သေဆုံးသူ မြန်မာနိုင်ငံသားဟာ ဂျန်ရှီ ဆောက်လုပ်ဖွံ့ဖြိုးတိုးတက်ရေးအုပ်စုက အလုပ်သမားဖြစ်ပြီး Jurong ဒေသ မီးရထားလိုင်းကတော့ စင်္ကာပူနိုင်ငံရဲ့ သတ္တမမြောက် အမြန်ရထားလိုင်းအဖြစ် ၂၀၂၇ ခုနှစ်မှာ အဆင့်သုံးဆင့်နဲ့ ဖွင့်လှစ်ဖို့ စီစဉ်ထားတာဖြစ်တယ်လို့လည်း သိရပါတယ်။

Ref; CNA

Leave a Reply

Your email address will not be published. Required fields are marked *