October 19, 2024

၅. ၁. ၂၀၂၄
Written by Nay Aung

ထိုင်းရဲတပ်ဖွဲ့သည် ပြီးခဲ့သောရက်ပိုင်းတွင် မြန်မာနိုင်ငံသားတစ်ဦး အသတ်ခံရမှုနှင့်ပတ်သက်ပြီး လူသတ်မှုကျူးလွန်ခဲ့သူ မြန်မာနိုင်ငံသားကို ဇန်နဝါရီ ၄ ရက်နေ့တွင် ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

တက်ခ်ပြည်နယ် မဲဆောက်မြို့ Ban Chedi Koh. Moo 6 T.Mahawan အရပ်ဒေသ Ban Chedi Koh စာသင် ကျောင်းအနီးရှိ တောစပ်နားတွင် သေဆုံးနေသည့် ရုပ်အလောင်းကိုတွေ့ရှိခဲ့သည်ဟု ရွာသားများ၏ သတင်းပေးပို့မှုလက်ခံရရှိခဲ့ပြီးနောက် သွားရောက်စစ်ဆေးခဲ့ရာ အသက် ၁၈ နှစ်အရွယ်ရှိ မြန်မာနိုင်ငံသား ကိုနိုင်ဆိုသူ၏ရုပ်အလောင်းကို တွေ့ရှိခဲ့ကြောင်း မဲဆောက်ရဲတပ်ဖွဲ့က ပြောသည်။

သေဆုံးသူမြန်မာနိုင်ငံသားသည် နောက်ကျောတွင် ချွန်ထက်သောအရာဖြင့် ထိုးနှက်ခံထားရသလို မျက်နှာလည်း ပျက်စီးနေကြောင်း၊ အဆိုပါလူသတ်မှုသည် ဇန်နဝါရီ ၃ ရက်နေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ထိုင်းနိုင်ငံ မဲဆောက်ရဲတပ်ဖွဲ့က ပြောသည်။ ထိုင်းရဲတပ်ဖွဲ့သည် အဆိုပါလူသတ်မှုကို စုံစမ်းစစ်ဆေးခဲ့ပြီးနောက် အသက် ၂၁ နှစ်အရွယ်ရှိ မြန်မာနိုင်ငံသားတစ်ဦးကို ဖမ်းဆီးနိုင်ခဲ့ကြောင်း၊ အဆိုပါလူသတ်မှုကျူးလွန်သော မြန်မာနိုင်ငံသားသည် ရွာအတွင်း ပုန်းနေခဲ့ခြင်းဖြစ်သလို လူသတ်မှုကျူးလွန်ရာတွင်အသုံးပြုခဲ့သော ဓားကိုလည်းသက်သေအဖြစ် သိမ်းဆည်းခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

ထိုင်းရဲတပ်ဖွဲ့က လူသတ်မှုကျူးလွန်ခဲ့သူသည် ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်လာသူဖြစ်ပြီး လူသတ် မှုကျူးလွန်ခဲ့ကြောင်းကို ဝန်ခံထားကြောင်း၊ ၎င်းတို့နှစ်ဦးသည် အရက်အတူသောက်ရာမှ စကားများရန်ဖြစ်ပြီး ဓားမြောင်နှင့်ထိုးသတ်ခဲ့ခြင်းဖြစ်ကြောင်း ဝန်ခံထားသည်ဟု သတင်းထုတ်ပြန်ထားသည်။ လူသတ်မှုကျူးလွန်သူနှင့် အသတ်ခံရသူများသည် သူငယ်ချင်းများဖြစ်ပြီး အငြင်းပွားရာမှ လူသတ်မှုဖြစ်ပွားခဲ့ခြင်းမျိုးဖြစ်ကြောင်း ထိုင်းသတင်းတွင် ဖော်ပြထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *