October 19, 2024

၅.၁.၂၀၂၄
Written By Thandar

The Voice Myanmar သီချင်းဆိုပြိုင်ပွဲကတစ်ဆင့် ပရိသတ်အားပေးမှုရရှိလာတဲ့ တေးသံရှင် ခင်ရတနာစိုးက မိခင်ဖြစ်သူ​ဒေါ်ဥမ္မာကို ပွဲထုတ်ပြီး”မဟာကုသိုလ်”အလှူသီချင်းထွက်ရှိရာမှာ ချစ်ခင်အားပေးတဲ့ ပရိသတ်တွေကို ကျေးဇူးတင်တယ်လို့ ရင်ဖွင့်လာပါတယ်။

“ညီမလေးက လူငယ်တစ်ယောက်ဆိုပေမယ့် မြန်မာမှုမြန်မာဟန်လေး ထိန်းသိမ်းချင်တဲ့အနေနဲ့ အလှူသီချင်းလေးထုတ်ဖြစ်လိုက်တာပါ။ ညီမရဲ့ မေမေကလည်း အသံကောင်းပြီး ပါရမီလည်းရှိပြီးသား။ သူ့ဘဝက ငယ်ငယ်ထဲက ကိုယ်ပိုင်သီချင်းရယ်လို့မရှိခဲ့ဘူး။ မေမေကရိုးလည်းရိုးတော့ မေမေ့အတွက်ပွဲထုတ်ပြီး မေမေနဲ့ညီမအတူ အလှူသီချင်းလေးလုပ်ဖြစ်ခဲ့တာပါ။ ချွေးနည်းစာနဲ့လှူတာ ဘယ်လိုလှူလှူတင့်တယ်ပါတယ်ဆိုတာကို သဟာအောင်က ရေးစပ်ပေးထားတာပါ။ ခုခေတ်က ကိုယ်ပိုင်သံစဥ်သစ်ကို အားပေးတယ်ဆိုတာမလွယ်ဘူးလေ။ ညီမတတ်သစ်စ လူတချို့သတိထားမိရုံအနေအထားမှာ မေမေနဲ့အတူသီဆိုမှုကို ပရိသတ်တွေအားပေးလို့ဝမ်းသာတယ်။ ချစ်ခင်အားပေးတဲ့ ပရိသတ်တွေကို ကျေးဇူး
တင်ပါတယ်”လို့ ခင်ရတနာစိုးက MT News ကို ပြောပါတယ်။

အဆိုပါ တေးသီချင်းလေးကို တေးရေးသဟာအောင်က ရေးသားဖော်ကျူးပေးထားပြီး ဒေါ်ဥမ္မာနဲ့ခင်ရတနာစိုးတို့သီဆိုထားတဲ့”မဟာကုသိုလ်”တေးသီချင်းသစ် Offical MV ကတော့ ဇန်နဝါရီ ၃ ရက်က သူမရဲ့ YouTube က တင်ခဲ့ပြီး ဇန်နဝါရီ ၄ ရက်မှာ Facebook က ပြန်လည်ဝေမျှခဲ့ရာ ပရိသတ်အားပေးမှုများစွာရရှိနေတာလည်း ဖြစ်ပါတယ်။

သူမက မြန်မာသံစဥ်တွေအပြင် ခေတ်ပေါ်တေးသီချင်းတွေကိုလည်း မျှမျှတတသီဆိုဖန်တီးသွားမယ်လို့ ဆိုပါတယ်။ တေးသံရှင် ခင်ရတနာစိုးကတော့ လာမယ့် ၃ နှစ်မှာ တစ်ကိုယ်တော် Album ထွက်ရှိနိုင်ဖို့ Plan ချထားတယ်လို့ ဆိုပါတယ်။

“မကြာခင်ထွက်ဖို့ စီစဥ်ထားတဲ့သီချင်းလေးကတော့ Sexy ဘက် ဆိုမယ်ဆိုပေမယ့် အဖော်အချွတ်တွေမလုပ်ပါဘူး။သီချင်းက ခပ်ဟော့ဟော့လေးပေါ့။ ခေတ်ဆန်မယ့်ပုံစံလေးရိုက်ကူးသီဆိုမှာပါ။ မြန်မာသံသီဆိုတဲ့
Image ထိအောင်တော့မလုပ်ပါဘူး။ လေးစားအားကျရတဲ့ စီနီယာအဆိုတော်ကြီးတွေလို အသက်ကြီးလာရင်လည်း ကိုယ့်သီချင်းတွေပြန်ဆိုလို့ရအောင် ဖန်တီးသွားမှာပါ။ ညီမအနေနဲ့ ဂီတကိုချစ်မြတ်နိုးတာမို့ Single Song တစ်နှစ်ကို ၄ ပုဒ် ၅ ပုဒ်ထွက်နိုင်အောင် ပြင်ဆင်နေပါတယ်။ သီချင်းတွေတော့ တောက်လျှောက်လုပ်သွားမှာ။ ကိုယ်တိုင်ထုတ်လုပ်ရိုက်ကူးရမှာ အခက်အခဲရှိတာမို့ တစ်ကိုယ်တော်ခွေထွက်ဖို့က ကြာဦးမယ်”လို့ သူမကဆက်ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *