October 19, 2024

၅. ၁. ၂၀၂၄
Translated by Htwe Ko Tun

ဂျပန်နိုင်ငံ၊ အီရှီကာဝါစီရင်စုအတွင်း ဇန်နဝါရီ ၁ ရက်က လှုပ်ခတ်သွားခဲ့သော ရစ်ချတ်တာစကေး ၇ ဒသမ ၆ ရှိ အင်အားပြင်းထန်လှသော ငလျင်ကြောင့် ဝါဂျိမာမြို့တွင်ပြိုကျအိမ်တစ်လုံး၏ အပျက်အစီး အပိုင်းအစများအောက်၌ သုံးရက်ကျော်ကြာပိတ်မိနေခဲ့သော အသက် ၈၀ ကျော်အရွယ် အဖွားအိုတစ်ဦးကို ဇန်နဝါရီ ၄ ရက် ညနေပိုင်းတွင် ကယ်ဆယ်ရေးတပ်ဖွဲ့များက အသက်ရှင်လျက်ပြန်လည်ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။

ထိုအဖွားအိုအား ဝါဂျိမာမြို့အတွင်း ၎င်း၏တစ်စိတ်တစ်ပိုင်းပြိုကျနေခဲ့သော အိမ်၏အပျက်အစီးများအောက်တွင် ရောက်ရှိနေသည်ကိုတွေ့ရပြီးနောက် ညနေ ၄ နာရီ ၂၈ မိနစ်တွင် ကယ်ဆယ်ရေးအဖွဲ့က ပြန်လည်ကယ်ဆယ်နိုင်ခဲ့ခြင်းဖြစ်သည်။အဖွားအိုအားပြန်လည်တွေ့ရှိချိန်က နိုတို ကျွန်းဆွယ်ဒေသအတွင်း အင်အားပြင်းငလျင်လှုပ်ပြီးနောက် ၇၂ နာရီနှင့် ၁၈ မိနစ် အကြာတွင်ဖြစ်ကြောင်းလည်း ကယ်ဆယ်ရေးအဖွဲ့က ပြောခဲ့သည်။

အဖွားအိုမှာ အပျက်အစီးများအောက်တွင် သုံးရက်ကျော်ရောက်ရှိနေခဲ့သော်လည်း ၎င်းအားကယ်ဆယ်ရေးသမားများက ဆွဲထုတ်ကယ်ဆယ်နိုင်ခဲ့ပြီးနောက် ကျန်းမာရေးပုံမှန်အခြေအနေတွင်ရှိနေကြောင်းလည်း သိရသည်။ကျွမ်းကျင်သူများက ဤကဲ့သို့ သဘာဝဘေးကြောင့် အပျက်အစီးများအောက်တွင် လှောင်ပိတ်မိနေသူများအဖို့ ၇၂ နာရီကျော်လာလျှင် အသက်ရှင်လျက် ကယ်ဆယ်နိုင်ရန် မျှော်လင့်ချက်များစွာလျော့နည်းလာပြီဖြစ်ကြောင်း ပြောကြားထားကြသည်။

ကယ်ဆယ်ရေးသမားများက အဖွားအိုအား ပြိုကျနေသော အိမ်အပျက်အစီးအပိုင်းအစများ၏ အောက်တည့်တည့်တွင်တွေ့ခဲ့ကြပြီး သူမအား ဆွဲထုတ်၍ အားပေးစကားများပြောကြားသည်တွင် အဖွားအိုကလည်း တုံ့ပြန်မှုများပြုခဲ့သည်ဟု ဆိုသည်။ ထို့နောက် အဖွားအိုအား စောင်ဖြင့်ရစ်ပတ်ကာ ထမ်းစင်တစ်ခုပေါ်သို့တင်လျက် ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြသည်။

ငလျင်ကြောင့်သေဆုံးသူမှာ ဇန်နဝါရီ ၅ ရက်အထိ ၉၂ ဦးရှိသည့်အနက် ဝါဂျိမာမြို့မှ ၅၅ ဦး သေဆုံးခဲ့ရကြောင်း သိရသည်။

Ref- Asahi Shimbun

Leave a Reply

Your email address will not be published. Required fields are marked *