October 19, 2024

၅. ၁. ၂၀၂၄
Translated by Htwe Ko Tun

အီရန်နိုင်ငံ၊ ကာမန်မြို့မှာ ဇန်နဝါရီ ၃ ရက်က ဖြစ်ပွားခဲ့တဲ့ ဗုံးခွဲမှုတွေကို ISIS အကြမ်းဖက်အဖွဲ့က လုပ်ဆောင်ခဲ့တာလို့ ISIS အဖွဲ့ရဲ့ မီဒီယာပိုင်းဆိုင်ရာအုပ်စုဖြစ်တဲ့ Al-Furqan အုပ်စုက ပေါက်ကွဲမှုဖြစ်ပွားပြီး ၂၄ နာရီကျော်အကြာ ဇန်နဝါရီ ၄ ရက်မှာ ကြေညာချက်ထုတ် ဝန်ခံလာခဲ့ပါတယ်။

ဗုံးကွဲမှုတွေကြောင့် အနည်းဆုံး ၉၅ ဦးသေဆုံးကာ ၂၁၁ ဦး ဒဏ်ရာရခဲ့တယ်လို့ ဇန်နဝါရီ ၃ ရက်က ပြောကြားခဲ့ပေမယ့် နာမည်ထပ်နေတာကြောင့် အမှန်တကယ် သေဆုံးသူ အနည်းဆုံး ၈၄ ဦးရှိပြီး ဒဏ်ရာရသူ ၂၈၄ ဦးအထိရှိတယ်လို့ IRNA နိုင်ငံပိုင်သတင်းဌာနက ဇန်နဝါရီ ၄ ရက်မှာ ထပ်မံပြောကြားခဲ့ပါတယ်။ ဒီဗုံးခွဲမှုတွေက ၁၉၇၉ ခုနှစ် အီရန် အစ္စလာမ္မစ် တော်လှန်ရေးအပြီးမှာ အီရန်နိုင်ငံအတွင်း သေဆုံးသူအများဆုံး အကြမ်းဖက်တိုက်ခိုက်မှုလည်း ဖြစ်ခဲ့ပါတယ်။

လွန်ခဲ့တဲ့လေးနှစ်ကလုပ်ကြံခံခဲ့ရတဲ့ အီရန်ဗိုလ်ချုပ်ကြီး ကွာဆမ် ဆိုလေမာနီအတွက် အမှတ်တရနှစ်ပတ်လည် အခမ်း အနားကို သူ့ရဲ့ ဇာတိမြို့ ကာဆန်မှာ ကျင်းပနေစဉ် ရှီအိုက်ဘာသာဝင် ဆုတောင်းသူတွေစုဝေးနေခိုက် ခုလိုဗုံးခွဲတိုက်ခိုက်မှုတွေပြုခဲ့တာဖြစ်ပြီး Al-Furqan အုပ်စုရဲ့ကြေညာချက်မှာ ညီအစ်ကိုတွေဖြစ်တဲ အသေခံဗုံးခွဲသမားနှစ်ဦးက သူတို့ရဲ ပေါက်ကွဲနိုင်တဲ့ ကျည်ကာအင်္ကျီတွေကို ဖောက်ခွဲမှုပြုတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

ISIS အဖွဲ့က ရှီအိုက်ဘာသာဝင်တွေကို အစ္စလမ်ဘာသာရဲ့ တခြားသော အယူဝါဒကွဲရှိသူ တိတ္ထိအဖြစ် ယူဆကြပါတယ်။ဒါကြောင့်လည်း အီရန်နိုင်ငံအတွင်း ရှီအိုက်တို့ရဲ့ ဘာသာရေးအဆောက်အအုံတွေကို ISIS က အရင်ကလည်း တိုက်ခိုက်ခဲ့ပါတယ်။

Ref– CNN

Leave a Reply

Your email address will not be published. Required fields are marked *