
၅. ၁. ၂၀၂၄
Written by Ye Kyaw
သွင်းကုန်လုပ်ငန်းများ အဆင်ပြေစေရန် နိုင်ငံခြားငွေကြေးဈေးကွက်သို့ ဇန်နဝါရီ ၂ ရက်တွင် ပထမအကြိမ် ၁၂ ဒသမ ၉၃ သန်း ရောင်းချပေးခဲ့ပြီး ဇန်နဝါရီ ၅ ရက် (ယနေ့)တွင် ဒေါ်လာ ၁၆ သန်း ထပ်မံရောင်းချပေးခဲ့၍ ရောင်းချပေးခဲ့သည့် နှစ်ကြိမ်အတွင်း စုစုပေါင်းဒေါ်လာ ၂၉ သန်းနီးပါး ရောင်းချပေးခဲ့ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။
ဗဟိုဘဏ်အနေဖြင့် စက်သုံးဆီတင်သွင်းသော ကုမ္ပဏီများအတွက် လိုအပ်သည့် ဒေါ်လာများကို ဒီဇင်ဘာ ၁၈ ရက်တွင် ပထမဆုံးအကြိမ် ဒေါ်လာ ၉ ဒသမ ၇၂ သန်း ရောင်းချပေးခဲ့ပြီး ဒီဇင်ဘာ ၂၁ ရက်တွင် ဒေါ်လာ ၁၂ ဒသမ ၄၃ သန်း ထပ်မံရောင်းချပေးခဲ့၍ ရောင်းချပေးခဲ့သည့် နှစ်ကြိမ်အတွင်း စုစုပေါင်း ဒေါ်လာ ၂၂ ဒသမ ၁၅ သန်းအထိ ရောင်းချပေးထားပြီးလည်းဖြစ်သည်။
သွင်းကုန်ပစ္စည်းအသစ် ဝယ်ယူနိုင်မှုနည်းလာခြင်းနှင့် ပြည်ပရောက် အလုပ်သမားများ နှစ်သစ်ကူး ရုံးပိတ်ရက် ပြန်လာချိန် ဒေါ်လာများပါလာသည့်အတွက် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလကုန်ပိုင်းမှစ၍ ပြည်တွင်း၌ ဒေါ်လာဈေးနှုန်း တစ်ဒေါ်လာ ကျပ် ၃၅၀၀ အောက်သို့ ကျဆင်းနေပြီး လက်ရှိအချိန်အထိ တစ်ဒေါ်လာ ၃၄၅၀ ကျပ်ဝန်းကျင်၌ပင် တည်ငြိမ်နေသည်။
ပြည်တွင်းဈေးကွက်၌ ဖြစ်ပေါ်ခဲ့သည့် ရက်အလိုက် ဒေါ်လာဈေးနှုန်းများမှာ ဒီဇင်ဘာ ၂၉ ရက်တွင် တစ်ဒေါ်လာ ၃၄၆၀ ကျပ်၊ ဒီဇင်ဘာ ၃၀ ရက်တွင် တစ်ဒေါ်လာ ၃၄၅၀ ကျပ်၊ ဒီဇင်ဘာ ၃၁ ရက်တွင် တစ်ဒေါ်လာ ၃၄၅၀ ကျပ်၊ ဇန်ဝါရီ ၁ ရက်တွင် တစ်ဒေါ်လာ ၃၄၅၀ ကျပ်၊ ဇန်နဝါရီ ၂ ရက်တွင် တစ်ဒေါ်လာ ၃၄၅၀ ကျပ်၊ ဇန်နဝါရီ ၃ ရက်တွင် တစ်ဒေါ်လာ ၃၄၅၀ ကျပ်၊ ဇန်နဝါရီ ၄ ရက်တွင် တစ်ဒေါ်လာ ၃၄၅၀ ကျပ် ဖြစ်ပေါ်ခဲ့သည်။

