October 19, 2024

၅. ၁. ၂၀၂၃
Written By Thandar

အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေ ပုဒ်မ ၃၃(က)နဲ့ တရားစွဲဆိုခံထားရတဲ့ သရုပ်‌ဆောင် သင်ဇာဝင့်ကျော်နဲ့ နန်းမွေစံနဲ့ အဆိုတော်အောင်လတို့ လွတ်လပ်ရေးနေ့က လွတ်ငြိမ်းချမ်းသာရပြီး လွတ်မြောက်လာတယ် သတင်း ထွက်ပေမဲ့လည်း အမှန်တကယ် ပြန်လည်လွတ်မြောက်လာသူတွေထဲ မပါဝင်ခဲ့ဘူးလို့ နန်းမွေ့စံမိခင်ဖြစ်သူက ပြောပါတယ်။

“မနေ့က လွတ်လပ်ရေးနေ့ လွတ်ငြိမ်းချမ်းသာနဲ့ လွတ်လာပြီဆိုတာက တကယ်တော့မဟုတ်သေးပါဘူး ညီမလေး။ နန်းမွေ့စံမှ မဟုတ်ဘူး။ နောက်ပြီး သမီး သင်ဇာဝင့်ကျော်ရော အဆိုတော်အောင်လရော ဘယ်သူမှ ထွက်မလာသေးပါဘူး။ တကယ်တော့ မလွတ်လာသေးတာ အမှန်ပါ။ အန်တီ့ကို မနေ့က ဖုန်းတွေဆက်ကြတယ်။ ဒီလိုသတင်းကောင်းတွေကြောင့် မကြာခင်ပြန်လွတ်မြောက်မယ်လို့တော့ မျှော်လင့်တယ်။ လွတ်လာဖို့ နီးစပ်လာပြီလို့ အန်တီထင်မိပါတယ်။ သူတို့ ၃ ယောက်လုံးတော့ မပါလာသေးပါဘူး။ ဒီနေ့နဲ့ မနက်ဖြန်ကတော့ မတူဘူးပေါ့ကွယ်။ လက်ရှိတော့ မထွက်လာရသေးပါဘူး။ အားလုံးကို ပြန်လွတ်စေချင်ကြတာပေါ့”လို့ မော်ဒယ်လ် နန်းမွေ့စံရဲ့မိခင်က MT News ကို ပြောပါတယ်။

အဆိုတော် အောင်လဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဧပြီ ၂၀ ရက် ညပိုင်းက ဖမ်းဆီးခံခဲ့ရပြီး ဧပြီ ၂၃ ရက်က ခံဝန်နဲ့ပြန်လည်လွှတ်ပေးခဲ့ပေမယ့် ဧပြီ ၂၅ ရက်မှာ မြောက်ဒဂုံမြို့နယ် ၃၄ ရပ်ကွက် သရဖီ ၅လမ်းက နေထိုင်ရာအိမ်မှာ ထပ်မံဖမ်းဆီးခဲ့တာလည်း ဖြစ်ပါတယ်။ သင်ဇာဝင့်ကျော်နဲ့ နန်းမွေစံတို့ဟာ မြန်မာအမျိုးသမီးတွေ စောင့်ထိန်းအပ်တဲ့ မြန်မာ့ယဉ်ကျေးမှုထိခိုက်စေတဲ့ လိင်အသားပေးဓာတ်ပုံတွေနဲ့ Vedio တွေကို လူမှုကွန်ရက်မှာ အခကြေးငွေရယူပြီး ဖြန့်ဝေလျက်ရှိတယ်ဆိုတဲ့ ဆွဲချက်နဲ့ ၂၀၂၂ ခုနှစ် ဩဂုတ်လအတွင်းမှာ ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး တရားစွဲဆိုခံရတာလည်းဖြစ်ပါတယ်။ သင်ဇာဝင့်ကျော်ကတော့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂၃ ရက်မှာ ရန်ကုန်မြို့ အင်းစိန်ထောင်တွင်း တရားရုံး၊ မရမ်းကုန်းမြိုနယ် တရားခွင်ကနေ ထောင်ဒဏ် ၅ နှစ်အမိန့် ချမှတ်ခံခဲ့ရသလို မော်ဒယ်လ် နန်းမွေစံကိုလည်း စစ်ခုံရုံးနဲ့ ထောင်ဒဏ် ၇ နှစ် အမိန့်ချခဲ့တာဖြစ်ပါတယ်။

“မျှော်လင့်ထားသလို ဖြစ်မလာတော့ အလိုလို ဝမ်းနည်းမိတယ်”လို့ သရုပ်ဆောင် သင်ဇာဝင့်ကျော်ရဲ့ မိတ်ကပ်ပညာရှင် စွာစွာက သူ့ရဲ့ ခံစားချက်ကို ပရိသတ်သိအောင် ရေးသားထားပါတယ်။

အနုပညာသက်တမ်း ၁၀ နှစ်ကျော်ရှိတဲ့ သရုပ်ဆောင် သင်ဇာဝင့်ကျော်ဟာ ပရိသတ်အားပေးမှု အခိုင်အမာရရှိထားသူလည်းဖြစ်ပြီး ရုပ်ရှင်ဇာတ်ကားပေါင်း ၁၅ ကား ရိုက်ကူးထားသလို ဗီဒီယိုကားပေါင်းများစွာ ရိုက်ကူးခဲ့သူလည်းဖြစ်ပါတယ်။ မော်ဒယ်လ် နန်းမွေစံကတော့ ဒေါက်တာဘွဲ့ လက်မှတ်ကိုရရှိထားပေမယ့် Sexy ဓာတ်ပုံတွေ ရိုက်ကူးမှုကြောင့် ဆေးကုသမှု ဆမလိုင်စင်ကို အသိမ်းခံထားရသူလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *