October 19, 2024

မီဇိုရမ်ပြည်နယ်အစိုးရ ဝန်ကြီးချုပ်က နှစ်နိုင်ငံကြားနယ်နိမိတ်စည်းရိုးကာရံမှု လက်မခံနိုင်ဟု ပြောကြား

၅. ၁. ၂၀၂၄
Translated by Htwe Ko Tun

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်အစိုးရ၏ ဝန်ကြီးချုပ်ဖြစ်တဲ့ လာလ်ဒူဟိုမာက အိန္ဒိယ ဝန်ကြီးချုပ် နာရန်ဒရာ မိုဒီ ကို နယူးဒေလီမြို့မှာ ဇန်နဝါရီ ၄ ရက်က တွေ့ဆုံခဲ့ပြီး မြန်မာဒုက္ခသည်အရေး အပါအဝင် အကြောင်းအရာအများအပြားကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

လာလ်ဒူဟိုမာက ဝန်ကြီးချုပ် မိုဒီကို လက်ရှိမြန်မာနိုင်ငံနဲ့နယ်စပ်ဒေသအရေးက နှစ်ဖက်စလုံးက ပြည်သူတွေရဲ့လက်ခံနိုင်ဖွယ်မရှိတဲ့၊ သူတို့ရဲ့ သဘောတူညီချက်လည်းမပါဘဲ ပြုလုပ်သွားခဲ့တဲ့ အင်္ဂလိပ်အစိုးရရဲ့အဓမ္မပြုလုပ်ခဲ့မှုကြောင့် ပြဿနာတွေဖြစ်ရတာကို အသိပေးပြောကြားခဲ့ပါတယ်။

ပြည်နယ်ဝန်ကြီးချုပ်က နှစ်ဖက်စလုံးက ပြည်သူတွေရဲ့ဆန္ဒက အစိုးရတစ်ဖွဲ့ထဲအောက်မှာ ရှိလိုကြပြီး မီဇိုရမ်ပြည်နယ်ထဲမှာ ခိုလှုံနိုင်ဖို့ ကြိုးစားလာတဲ့ ဒုက္ခသည်တွေကိုလည်း မီဇိုပြည်သူတွေက ခွဲခြားဆက်ဆံမှုတွေမပြုဘဲညီအစ်ကိုမောင်နှမများသဖွယ်သာ သဘောထားကြတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံကဒုက္ခသည်တွေဟာ ချင်းဇို လူမျိုးစု အုပ်စုဝင်တွေဖြစ်ပြီး မီဇိုရမ်ပြည်နယ်တွင်းက မီဇိုလူမျိုးစုတွေနဲ့လည်း ယဥ်ကျေးမှုနဲ့ရိုးရာဓလေ့တွေမှာ တူညီကြပါတယ်။ ဒီတော့ လာလ်ဒူဟိုမာက Greater Mizoram လို့ဆိုရမယ့် မီဇိုရမ်ပြည်နယ်ကို ပိုမိုကြီးမားစွာ ဖွဲ့စည်းဖို့လိုလားတဲ့ သူ့ဆန္ဒကိုပါ ဆက်နွှယ်ပြောကြားခဲ့ပါတယ်။

ဒါက အခုခေတ်မှာ အာဖဂန်နစ္စတန်နိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဘူတန်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ မော်လ်ဒိုက်နိုင်ငံ၊မြန်မာနိုင်ငံ၊ နီပေါနိုင်ငံ၊ ပါကစ္စတန်နိုင်ငံ၊ သီရိလင်္ကာ နိုင်ငံနဲ့ တိဘက်တို့အဖြစ်တည်ရှိနေတဲ့နိုင်ငံတွေဟာ စည်းလုံးညီညွတ်တဲ့ ကြီးမားတဲ့အိန္ဒိယနိုင်ငံကြီးအဖြစ် အရင်ကရှိခဲ့တယ်ဆိုတဲ့ Akhand Bharat ဆိုတဲ့ အယူအဆရဲ့ အစိတ်အပိုင်းတစ်ခုပါပဲ။

ဒါ့အပြင် သူက အိန္ဒိယနိုင်ငံ မြောက်ပိုင်းနဲ့ မြန်မာနိုင်ငံကအစိတ်အပိုင်းတွေ၊ ဘင်္ဂလားဒေ့ရှ်က စစ်တကောင်းဒေသတို့ပါဝင်မယ့် ‘ဇို ပိုင်နက်နယ်မြေ’ ကြီးအဖြစ် ပေါင်းစည်းတည်ရှိဖို့ သူ့ဆန္ဒကိုလည်းပြောခဲ့တယ် ဆိုပါတယ်။

လာလ်ဒူဟိုမာက နိုင်ငံခြားရေးဝန်ကြီး အက်စ် ဂျေရှန်ကာနဲ့လည်းတွေ့ဆုံခဲ့ကာ အိန္ဒိယနိုင်ငံနဲ့ မြန်မာနိုင်ငံတို့အကြားနယ်နိမိတ်တစ်လျှောက် သံဆူးကြိုးနယ်နိမိတ်ခြံစည်းရိုးကာရံဖို့အစီအစဥ်ကို လက်မခံနိုင်ပါကြောင်း ပြောခဲ့တယ်လို့ သိရပါတယ်။ အင်္ဂလိပ်တို့ရဲ့ ကိုလိုနီနိုင်ငံများအဖြစ် အိန္ဒိယနိုင်ငံနဲ့မြန်မာနိုင်ငံတို့ကျရောက်ခဲ့ခြင်းက မီဇိုတိုင်းရင်းသားတို့ကို နှစ်နိုင်ငံခွဲခြားပြီး တည်ရှိစေခဲ့တာဖြစ်ကာ သူတို့အနေနဲ့ နယ်နိမိတ်စည်းရိုးကာရံမှုကို လက်ခံနိုင်ကြမှာမဟုတ်သလို နိုင်ငံ တစ်နိုင်ငံထဲမှာ အစိုးရအဖွဲ့တစ်ဖွဲ့လက်အောက်၌သာ တည်ရှိလိုမှုဆန္ဒအမြဲရှိနေကြတယ်လို့လည်း ပြောခဲ့ပါတယ်။

အိန္ဒိယနဲ့မြန်မာတို့ဟာ နှစ်နိုင်ငံကြား ၁,၆၄၃ ကီလိုမီတာခန့် နယ်နိမိတ်ထိစပ်နေကြပြီး နေရာအများအပြားမှာနယ်နိမိတ်စည်းရိုးကာရံထားခြင်းမရှိပါဘူး။ ပြည်ထဲရေးဝန်ကြီးဌာန တာဝန်ရှိသူတွေက မကြာမီကဘဲ မီဒီယာတွေကို အိန္ဒိယနဲ့မြန်မာ နှစ်နိုင်ငံအကြား ကီလိုမီတာ ၃၀၀ ခန့်ကို နယ်နိမိတ်စည်းရိုးကာရံဖို့ စဥ်းစားလျက်ရှိကြောင်းပြောခဲ့အပြီးမှာ မီဇိုရမ်ပြည်နယ်၊ အစိုးရအဖွဲ့ဝန်ကြီးချုပ်ကလည်း ခုလိုပြောကြားလာခဲ့တာလို့ သိရပါတယ်။

Ref- The Indian Express

Leave a Reply

Your email address will not be published. Required fields are marked *