October 19, 2024

၆. ၁. ၂၀၂၄
Written By Thandar

The Teacher ရုပ်ရှင်ဇာတ်ကားကြီးကတစ်ဆင့် ပရိသတ်အားပေးမှု ရရှိလာတဲ့ သရုပ်ဆောင်မြယာက ကိုယ်ပိုင်ထုတ်လုပ်ရေးကနေ မကြီးစိုး (ခ)စိုးမြတ်သူဇာရဲ့ အချစ်စစ်စစ်များဝတ္တုကို ရုပ်ရှင်အဖြစ်အကောင်အထည်စဖော်နေပြီလို့ ပြောပါတယ်။

“မြယာကိုယ်တိုင်ကလည်း သရုပ်ဆောင်သစ်အနေနဲ့လာတာမို့ မြကိုယ်တိုင်က သရုပ်ဆောင်အသစ်တွေကို မြေ တောင်မြှောက်ပေးချင်တယ်။ မြနဲ့အတူတူ လက်တွဲပြီးတော့ အနုပညာလမ်းကြောင်းတွေ အများကြီး လျှောက်လှမ်းချင်ပါတယ်။ မြယာတို့ ထုတ်လုပ်ရေးက မဖဲဝါ ရုပ်ရှင်ကားကတော့ မကြာခင် ရုံတင်ဖြစ်မှာပါ။ နာမည်တွေကဆင်နေပေမယ့် ပရိသတ်တွေ မြင်နေကျမဟုတ်တဲ့မဖဲဝါဇာတ်လို့လည်း ပြောလို့ရတယ်။ ဒီဇာတ်ကားပြီးရင် မကြီးစိုး(ခ)စိုးမြတ်သူဇာရဲ့ အချစ်စစ်စစ်များ ဝတ္တုကိုအကောင်အထည် စဖော်သွားနေပါပြီ။ မကြီးစိုးရဲ့ ဇာတ်ကားပြီးရင် သရဲကားမဟုတ်တဲ့ ဒရာမာ ဇာတ်အိမ်လေးတွေဖန်တီးဖို့ အစီအစဉ်ရှိပါတယ်။ ပရိသတ်အကြိုက်တွေ့အောင် မြအကောင်းဆုံး ကြိုးစားနေပါတယ်”လို့ သရုပ်ဆောင် မြယာက ပြောပါတယ်။

သူမဟာ ရွှေကြိုဗန်းကိုင်မောင်မယ် နောက်ဆုံးဖိုင်နယ်ရွေးချယ်ပွဲမှာလည်း Production တွေ တက်ရောက်အမှတ်ပေးသူအနေနဲ့ ပါဝင်ကူညီခဲ့သူလည်းဖြစ်ပြီး ယခင်နှစ်အကယ်ဒမီပေးပွဲကာလမှာ ကျန်းမာရေးမကောင်းလို့ မတက်ဖြစ်ခဲ့ဘူးလို့ သိရပါတယ်။ Mya Yar Ko Film Production ကို ထုတ်လုပ်တဲ့ “မဖဲဝါ”ရုပ်ရှင်ဇာတ်ကားမှာ သရုပ်ဆောင်သစ်တွေ သေချာစိစစ်ရွေးချယ်ပြီးသုံးထားသလို ကိုယ်တွေနဲ့လက်တွဲအလုပ်ကိုင်လို့ရတဲ့သရုပ်ဆောင်သစ်တွေကိုလည်း ဇာတ်ကားတွေမှာ ထည့်သွင်းသုံးသွားမယ်လို့ သိရပါတယ်။

“မကြီးစိုး(ခ)စိုးမြတ်သူဇာက အေးချမ်းတဲ့သူမို့ မကြီးနားရောက်သွားရင် အလိုလိုကို အေးချမ်းရပါတယ်။ RS ချိတ်ထားတဲ့အတွက် တချို့ကပြောကြတယ်။ RS တွေချစ်သူ ရည်းစားမှ RS ချိတ်တာမဟုတ်ပါဘူး။ ၅၂၈ တွေ၊ ၁၅၀၀ တွေဆိုတာ အများကြီးရှိတယ်။ အချစ်တွေကတော့ အများကြီးရှိတာပါပဲ။ အမျိုးသားတွေမှ မဟုတ်ပါဘူး။ အမျိုးသမီးတွေလည်း ချစ်လို့ရတာပဲလေ။ ချစ်ခြင်းမေတ္တာက လွတ်လွတ်လပ်လပ်နဲ့ ကိုယ်ပေးလိုက်တဲ့အချစ်ကို တစ်ဖက်လူက လက်ခံသည်ဖြစ်စေ လက်မခံသည်ဖြစ်စေ ကိုယ်ပေးလိုက်တာက အေးမြတဲ့ချစ်ခြင်းမေတ္တာအစစ်ဆိုရင် တစ်ဖက်လူရဲ့စိတ်ထဲက အလိုလိုခံစားမိပါတယ်။ ငါ ဒီဟာကြီးကို ပိုင်ရမှ ငါ့အပိုင်ရထားပြီ။ တခြားသူမချစ်ရဘူးဆိုတာ အချစ်မဟုတ်တော့ဘူး ပူလောင်တာဖြစ်သွားပြီလေ”လို့ သူမက ဆက်ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *