October 19, 2024

၅. ၁. ၂၀၂၄
Written by Hey Mar

အိမ်စီးယာဥ်တစ်စီး အရှိန်လွန်တိမ်းမှောက်မှုဖြစ်ပွားခဲ့ကာ ယာဥ်မှာ ဆိုးဆိုးရွားရွားပျက်စီးသွားပေမယ့် ယာဥ်မောင်းက သွေးထွက် ပေါက်ပြဲ ဒဏ်ရာလောက်သာ ရရှိခဲ့တဲ့ဖြစ်စဥ် ဒီနေ့မနက် ၅ နာရီဝန်းကျင်က အင်းစိန်မြို့နယ် ကြို့ကုန်းအနောက်ရပ်ကွက်မှာ ဖြစ်ပွားခဲ့တယ်လို့ နယ်မြေခံ ပရဟိတ အသင်းထံကနေ သိရပါတယ်။

ဖြစ်စဥ်ဟာ အင်းစိန်မြို့နယ် ကြို့ကုန်းအနောက်ရပ်ကွက် ဘုရင့်နောင်လမ်းမပေါ် ရှိ GAS ဆိုင်ရှေ့မှာဖြစ်ပွားခဲ့ပြီး အသက် ၄၀ အရွယ် အမျိုးသားတစ်ဦးတည်းမောင်းနှင်လာတဲ့ အိမ်စီး Probox ယာဥ်ငယ်တိမ်းမှောက်တာလို့ သိရပါတယ်။

“မှောက်တာက ၂ ပတ်လောက် လိမ့်သွားတယ်လို့ သိရတယ်။ ယာဥ်မောင်းအတော်ကံကောင်းတယ်။ ခြေထောက် ပွန်းပဲ့ သွေးထွက် ဒဏ်ရာ၊ ဦးခေါင်း သွေးထွက်ပေါက်ပြဲဒဏ်ရာနဲ့ လက်ဖျံ သွေးထွက် ပြတ်ရှ ဒဏ်ရာကလွဲရင် ကြီးကြီးမားမား ဒဏ်ရာ မရဘူး။ ထိုင်ခုံခါးပတ် ပတ်ထားတဲ့ အကျိုးပေါ့”လို့ မြေပြင်မှာ သွား ရောက်ကူညီမှုတွေ လုပ်ဆောင်ပေးခဲ့တဲ့ Insein Volunteer Team မှ တာဝန်ရှိသူက ပြောပါတယ်။

ယာဥ်တိမ်းမှောက်မှုဖြစ်စဥ်ကို သက်ဆိုင်ရာတာဝန်ရှိသူတွေက စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်တာကို ပူးပေါင်းကူညီဆောင်ရွက်ခဲ့ပြီး ဒဏ်ရာရယာဥ်မောင်း(မစိုးရိမ်ရ)ကို ကြက်ခြေနီသူနာတင်ယာဥ်နဲ့ အင်းစိန်ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

Photo – Insein Volunteer Team

Leave a Reply

Your email address will not be published. Required fields are marked *