October 19, 2024

၄. ၁. ၂၀၂၃
Written by Pan Ei

မြန်မာနိုင်ငံမြောက်ပိုင်းမှာ မြန်မာအစိုးရနဲ့ လက်နက်ကိုင်အဖွဲ့တွေကြား ဆွေးနွေးနေပေမဲ့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေကာ တရုတ်နိုင်ငံဘက်ကို နယ်စပ်ဖြတ်ကျော် အမြောက်ကျည်ဆန်တွေ ကျရောက်မှုကြောင့် မြန်မာ နိုင်ငံအနီးက တရုတ်မြို့မှာ လူငါးဦး ဒဏ်ရာရရှိခဲ့တယ်လို့ တရုတ်ပြည်တွင်းမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

မြန်မာနိုင်ငံ ကိုးကန့်ဒေသရှိ လောက်ကိုင်ကနေ လွဲချော်လာတဲ့ လက်နက်ကြီးကျည်တွေဟာ ဇန်ကန်မြို့ရဲ့ တရားစီရင်ပိုင်ခွင့်ရှိတဲ့လက်အောက်က နန်ဆန်မြို့ကို ဝင်ရောက်ခဲ့တယ်လို့ ယူနန်ပြည်နယ် ဇန်ကန်မြို့ရှိ တာဝန်ရှိသူတွေက ဇန်နဝါရီ ၃ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီဝန်းကျင်ခန့်က အတည်ပြုခဲ့ကြောင်း တရုတ်အစိုးရပိုင် Global Times က ဖော်ပြခဲ့သလို လူသွားလူလာတွေရှိတဲ့ စတိုးဆိုင်တန်းတစ်ခုရှေ့မှာ လူတစ်ယောက် လဲလျောင်းနေပြီး လူတွေက ရဲခေါ်ဖို့ ပြောနေကြတဲ့ ဗီဒီယိုဖိုင်တစ်ခုကိုလည်း ဖော်ပြခဲ့ပါတယ်။

အခုလက်ရှိမှာတော့ ဒဏ်ရာရရှိသူ ငါးဦးကို ဆေးရုံကို ပို့ဆောင်ထားတယ်လို့ သိရကာ နယ်စပ်ဖြတ်ကျော်ပြီး အမြောက်ကျည်ဆန်တွေ ကျရောက်မှုကို ပြင်းပြင်းထန် ထန် ရှုတ်ချကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီနေ့ ဇန်နဝါရီလ ၄ ရက်မှာ ပြောကြားခဲ့ပါတယ်။

“တရုတ်နိုင်ငံအနေနဲ့ ပဋိပက္ခတွေကြောင့် တရုတ်နိုင်ငံသားတွေ ထိခိုက်ရမှုတွေကို ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်” လို့ ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝမ်ဘင်က ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် တရုတ်နိုင်ငံဟာ နိုင်ငံသားတွေရဲ့ အသက်နဲ့ အိုးအိမ်စည်းစိမ်တွေကို ကာကွယ်ဖို့ လိုအပ်တဲ့အရာတွေကို လုပ်ဆောင်သွားမှာဖြစ်ကြောင်းကို “တရုတ်အစိုးရအနေနဲ့ ပဋိပက္ခမှာပါတဲ့ အင်အားစုအားလုံးကို အပစ်အခတ်ရပ်စဲပြီး တိုက်ပွဲတွေရပ်ဖို့တောင်းဆိုထားသလို ဒီလိုဆိုးရွားတဲ့ အဖြစ်အပျက်တွေ ထပ်မဖြစ်ပွားအောင် တားဆီးဖို့ အစီအမံတွေလည်း ချမှတ်ထားပါတယ်” လို့ ဝမ် က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

တရုတ်အာဏာပိုင်တွေဟာ မြန်မာနိုင်ငံမြောက်ပိုင်းကို ခရီးသွားလာမှု ရှောင်ကျဉ်ဖို့နဲ့ တရုတ်နဲ့ မြန်မာနယ်စပ်ဒေသတစ်လျှောက်မှာ နေထိုင်နေတဲ့ တရုတ်နိုင်ငံသားတွေကို ဘေးလွတ်ရာ အမြန်ဆုံးရွှေ့ပြောင်းဖို့လည်း ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးက တိုက်တွန်းတောင်းဆိုထားပါတယ်။

မြန်မာနိုင်ငံ ရှမ်းပြည်နယ် ကိုးကန့်ဒေသဟာ နှစ်ပေါင်းများစွာ မငြိမ်မသက်ဖြစ်နေတဲ့ ဒေသဖြစ်ပြီး ၂၀၁၅ ခုနှစ်ကလည်း မြန်မာအစိုးရတပ်တွေနဲ့ သူပုန်တွေကြားက တိုက်ပွဲတွေကြားမှာ အဆိုပါ ဒေသက ပစ်ခတ်မှုတွေက ယူနန်နယ်ခြားကို ကျရောက်ခဲ့ပြီး တရုတ်နိုင်ငံသား တစ်ဦးနဲ့ မြန်မာနိုင်ငံသား လေးဦး ဒဏ်ရာရရှိခဲ့ကာ ဘေဂျင်းကို ဒေါသထွက်စေခဲ့ပါသေးတယ်။

Ref; Reuters, Bangkok Post

Leave a Reply

Your email address will not be published. Required fields are marked *