October 19, 2024

၄. ၁. ၂၀၂၄
Written by Tha Doe

ယခု ၂၀၂၄ ခုနှစ်အတွင်း ကောက်ခံမည့် ပြည်လုံးကျွတ်သန်းခေါင်စာရင်းမှ ခိုင်မာမှန်ကန်သည့် မဲစာရင်းများ ရလာပါက ရွေးကောက်ပွဲကျင်းပ၍ ရွေးကောက်ပွဲမှ ထွက်ပေါ်လာသည့်အစိုးရကို နိုင်ငံတော်တာဝန် လွှဲပြောင်းပေးအပ်မည်ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ၊ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်က ယနေ့ ဇန်နဝါရီ ၄ ရက်တွင် ကျရောက်သည့် ၂၀၂၄ ခုနှစ်၊ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာတွင် ဖော်ပြထားသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အန္တိမ ရည်မှန်းချက်မှာ လွတ်လပ်၍ တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးပင်ဖြစ်၍ ပြည်တွင်း ပြည်ပ ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူများ စာရင်းမှန်ကန်မှုရှိစေရေး၊ ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူများအားလုံး ဆန္ဒမဲ ပေးနိုင်ရေးနှင့် တစ်နိုင်ငံလုံး ရာနှုန်းပြည့် ဆန္ဒမဲ ပေးနိုင်ရေးတို့အတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိသည်ဟု သဝဏ်လွှာတွင် ဖော်ပြထားသည်။

ထို့ကြောင့် မဲဆန္ဒရှင် စာရင်းများ အောင်မြင်စွာ ကောက်ယူနိုင်ရေးနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် လိုအပ်သည့် အချက်အလက်များ ရရှိစေရေးအတွက် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူရန် လိုအပ်သောကြောင့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်မှစတင်၍ စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူခဲ့ပြီး ၂၀၂၄ ခုနှစ်တွင် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်သည်။

ယင်းအပေါ်မူတည်၍ ခိုင်မာမှန်ကန်သည့် မဲစာရင်းများ ရရှိလာပါက “ဥပဒေနှင့်အညီ လွတ်လပ်၍ တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးနှင့် တစ်နိုင်ငံလုံး အကြားအလပ်မရှိ ဆန္ဒမဲ ပေးပိုင်ခွင့် ရရှိစေရေးအတွက် ကြိုးပမ်း ဆောင်ရွက်”သွားကြရမည် ဖြစ်ပြီး စည်းစနစ်ကျနမှုရှိသည့် အထွေထွေရွေး ကောက်ပွဲတစ်ရပ် ဖြစ်စေရေးနှင့် ၎င်းရွေးကောက်ပွဲမှ ထွက်ပေါ်လာသည့် အစိုးရကို နိုင်ငံတော် တာဝန်များ လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်သည်ဟု SAC ဥက္ကဋ္ဌ၏ သဝဏ်လွှာတွင် ဖော်ပြထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *