October 19, 2024

၄. ၁. ၂၀၂၄
Translated by Htwe Ko Tun

၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်မှ စတင်ခဲ့ပြီး ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် ရက် ၉ဝ ရှိသွားပြီဖြစ်သည့် ဂါဇာဒေသအတွင်း အစ္စရေးနှင့်ဟားမားစ်တို့၏စစ်ပွဲ၌ အစ္စရေးတို့၏တိုက်ခိုက်မှုများကြောင့် သေဆုံးခဲ့သည့် ဂါဇာနေပြည်သူများမှာ အနည်းဆုံး ၂၂,၃၁၃ ဦးရှိသွားပြီဖြစ်ပြီး ဒဏ်ရာရသူများမှာလည်း အနည်းဆုံး ၅၇,၂၉၆ ဦးရှိသွားပြီဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်များကဖော်ပြခဲ့ကြသည်။

သို့သော် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မက်သူး မီလာက အမေရိကန်အစိုးရအနေဖြင့် ဂါဇာဒေသအတွင်း အစ္စရေး၏ဆောင်ရွက်မှုများကို မျိုးတုံးသတ်ဖြတ်မှုများအဖြစ် ရှုမြင်ခြင်းမရှိပါကြောင်း ဇန်နဝါရီ ၃ ရက်တွင် ပြောကြားခဲ့သည်။

အလားတူပင် အစ္စရေးအစိုးရကလည်း ဂါဇာဒေသအတွင်း ၎င်းအပေါ် မျိုးတုံးသတ်ဖြတ်မှုကျူးလွန်နေသည်ဟု စွပ်စွဲချက်က လုံးဝအခြေအမြစ်မရှိဟုငြင်းပယ်ခဲ့သည်။ ၎င်းက ဟားမားစ်အုပ်စုကသာလျှင် စစ်ပွဲ၌ ပါလက်စတိုင်းတို့ကို လူသားတံတိုင်းများအဖြစ်အသုံးပြုကာ ပါလက်စတိုင်းတို့ထံမှ အထောက်အပံ့ပစ္စည်းများကိုလည်း ၎င်းတို့အတွက်ရယူနေခြင်းဟုပြောခဲ့သည်။ သို့သော် ဟားမားစ်ဘက်ကလည်း ထိုစွပ်စွဲချက်မှာ မမှန်ကန်ဟု ငြင်းဆိုခဲ့သည်။

တောင်အာဖရိကနိုင်ငံက ဂါဇာကမ်းမြောင်အတွင်း အစ္စရေးတို့၏ စစ်ရေးတိုက်ခိုက်မှုများကို အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ) တွင် ပါလက်စတိုင်းတို့အပေါ် မျိုးတုံးသတ်ဖြတ်မှုအဖြစ် ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်က အမှုဖွင့်တရားစွဲခဲ့ပြီးနောက်တွင် အစ္စရေးနှင့် အမေရိကန်တို့ကလည်း ယခုကဲ့သို့ တုံ့ပြန်ငြင်းဆိုမှုများကို ပြုလုပ်လာကြခြင်းဖြစ်သည်။

မီလာက “စွပ်စွဲချက်တွေကို ပေါ့ပေါ့ဆဆသဘောနဲ့မပြုလုပ်သင့်ကြဘူး။ အမေရိကန်အစိုးရအနေနဲ့တော့ ဂါဇာမှာ အစ္စရေးဆောင်ရွက်ချက်တွေကို မျိုးတုံးသတ်ဖြတ်မှုအနေနဲ့ မရှုမြင်ပါဘူး။ ဒါ ကျွန်တော်တို့ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ဆုံးဖြတ်ချက်ပါပဲ” ဟု ဇန်နဝါရီ ၃ ရက် က ဆက်လက်ပြောကြားခဲ့သည်။

အပြည်ပြည်ဆိုင်ရာတရားရုံးကလည်း တောင်အာဖရိကနိုင်ငံ၏ စွပ်စွဲအမှုဖွင့်မှုများအပေါ် ဇန်နဝါရီ ၁၁ ရက်နှင့် ဇန်နဝါရီလ ၁၂ ရက်တို့တွင် ရုံးထိုင်ကြားနာမှုပြုမည်ဖြစ်သည်။ အစ္စရေးကလည်း စွပ်စွဲချက်များအတွက် မိမိဖာသာ ကာကွယ်သွားမည်ဟုပြောခဲ့သည်။ မီလာက လည်း ထိုရုံးထိုင်ကြားနာမှုနှင့်ပတ်သက်၍ စစ်ရာဇဝတ်မှု (သို့မဟုတ်)ရာဇဝတ်မှုများ အစ္စရေးက ကျူးလွန်ခဲ့သည်ဟု သုံးသပ်မှုတစ်စုံတစ်ရာ မပြုခဲ့ကြောင်းလည်း ပြောခဲ့သည်။

အမေရိကန်တာဝန်ရှိသူများကလည်း အစ္စရေး-ဟားမား စစ်ပွဲအတွင်း ပါလက်စတိုင်းပြည်သူအများအပြားသေဆုံးခဲ့ရကြောင်းပြောခဲ့ကြသည်။ အမေရိကန် အစိုးရအနေဖြင့်လည်း တိုက်ပွဲများတွင် အရပ်သားပြည်သူများကို အကာအကွယ်ပေးရန် အစ္စရေးအစိုးရအား တိုက်တွန်းခဲ့သော်လည်း တစ်ဖက်တွင်မူ အစ္စရေးသို့ စစ်ရေးအထောက်အပံ့များစွာပြုပေးနေခြင်းက မျိုးတုံးသတ်ဖြတ်မှုတွင် ကြံရာပါအဖြစ် ၎င်းအား စွပ်စွဲပြောကြားမှုခံခဲ့ရသည်။

Ref–Jerusalem Post

Leave a Reply

Your email address will not be published. Required fields are marked *