October 19, 2024

၄. ၁. ၂၀၂၄
Written by Nay Aung

အိန္ဒိယအစိုးရသည် မြန်မာနိုင်ငံနှင့် နယ်စပ်ဒေသတစ်လျှောက် လွတ်လပ်စွာသွားလာလှုပ်ရှားခွင့် ‘Free movement FMR ကို မကြာခင် ပြန်ရုပ်သိမ်းမည်ဖြစ်ကြောင်း အိန္ဒိယအစိုးရအဖွဲ့ တာဝန်ရှိသူတစ်ဦးက ထုတ်ဖော်ပြောဆိုလိုက်သည်။

FMR သဘောတူညီချက်တွင် မြန်မာနိုင်ငံသည် အိန္ဒိယနိုင်ငံသားများကို မြန်မာနိုင်ငံနယ်စပ်ဘက်ခြမ်းမှ ပိုင်နက် ၁၆ ကီလိုမီတာအထိ တရားဝင်စာရွက်စာတမ်းမပါဘဲ သွားလာလှုပ်ရှားခွင့်ပေးရမည်ဖြစ်သလို အိန္ဒိယအစိုးရကလည်း မြန်မာနိုင်ငံသားများကို တရားဝင်စာရွက် စာတမ်း စစ်ဆေးမှုမရှိဘဲ နယ်စပ်ဒေသမှ အိန္ဒိယနိုင်ငံဘက်ခြမ်း ၁၆ ကီလိုမီတာအထိ လွှတ်လပ်စွာသွားလာလှုပ်ရှားခွင့်ပေးရမည်ဖြစ်သည်။

အိန္ဒိယအစိုးရ၏ အရှေ့မျှော် မူဝါဒ အစိတ်အပိုင်းအရ ၂၀၁၈ ခုနှစ်တွင် နှစ်နိုင်ငံကြား FMR ကို စတင်အကောင်ထည်ဖော်ခဲ့ပြီး လက်ရှိအချိန်တွင် မဏိပူရပြည်နယ်၊ မီဇိုရမ်၊ နာဂလန်နှင့် ပရာဒက်ရှ်ပြည်နယ်တို့တွင် FMR သဘောတူညီချက်ကို ခွင့်ပြုလုပ်ကိုင်ခဲ့ကြောင်း သိရသည်။

အိန္ဒိယသည် မြန်မာနိုင်ငံနှင့် အရှည် ၁၆၄၃ ကီလိုမီတာအထိ နယ်စပ်ချင်းထိစပ်နေပြီး အိန္ဒိယနိုင်ငံကို တိုက်ခိုက်သည့် လက်နက်ကိုင်အဖွဲ့များသည် အိန္ဒိယစစ်တပ်ကို တိုက်ခိုက်ပြီးချိန်တွင် မြန်မာနိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးတိမ်းရှောင်ခြင်းများ၊ အိန္ဒိယနိုင်ငံဘက်ခြမ်းသို့ တရားမဝင် ဝင်ရောက်သူများ ပိုမိုများပြားလာစေခြင်းနှင့် မူးယစ်ဆေးဝါး၊ ရွှေမှောင်ခိုတင်သွင်းခြင်းများ မြင့်တက်လာခြင်းကြောင့် FMR သဘောတူညိချက်ကို ပြန်ရုပ်သိမ်းရန် စီစဉ်လာခြင်းဖြစ်သည်ဟု အိန္ဒိယသတင်းများတွင်ဖော်ပြထားသည်။

အိန္ဒိယအစိုးရတာဝန်ရှိသူတစ်ဦးက “အိန္ဒိယနဲ့ မြန်မာနယ်စပ်ဒေသမှာခွင့်ပြုထားတဲ့ လွတ်လပ်စွာသွားလာလှုပ်ရှားခွင့် FMR ကို ပြန်ရုပ်သိမ်းပြီး မကြာမီမှာ နယ်စပ်တစ်လျှောက် ခြံစည်းရိုးခတ်တာတွေ လုပ်ဆောင်သွားမယ်။ နယ်စပ်ဒေသတစ်လျှောက် ခြံစည်းရိုးခတ်တာတွေကို လေးနှစ်ခွဲကြာ အကောင်ထည်ဖော်သွားမယ်။ နယ်စပ်ဒေသကို ဖြတ်သန်းမယ်ဆိုရင်တရားဝင်ဗီဇာရှိမှ ခွင့်ပြုတော့မယ်”ဟုပြောသည်။

အိန္ဒိယမဏိပူရပြည်နယ်ဝန်ကြီးချုပ် အမ်ဘီယမ်ဆင်းသည် အိန္ဒိယနိုင်ငံဘက်ခြမ်းသို့ တရားမဝင် ဝင်ရောက်မှုများကို ရပ်တန့်နိုင်ရန်အတွက် နယ်စပ်ဒေသတစ်လျှောက်ခွင့်ပြုထားသော FMR စနစ်ကို ပြန်ရုပ်သိမ်းရန် ၂၀၂၃ ခုနှစ် စက်တင်ဘာလအစောပိုင်းက တောင်းဆိုခဲ့ဖူးသည်။

Ref: Wion

Leave a Reply

Your email address will not be published. Required fields are marked *