October 19, 2024

MT News
၄. ၁. ၂၀၂၃

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ( ၂၀၀၈ ခုနှစ် ) ရေးဆွဲနိုင်ဖို့အတွက် အသေးစိတ်အခြေခံရမဲ့မူတွေ ချမှတ်နိုင်ရေးအတွက် အမျိုးသားညီလာခံမှာ ပါဝင်ဆွေးနွေးခဲ့ကြတဲ့ ညီလာခံကိုယ်စားလှယ် ၁၀၂၁ ဦးကို စွမ်းဆောင်မှုဆိုင်ရာဂုဏ်ထူးဆောင်တံဆိပ် လူမှုထူးချွန် ပထမအဆင့်ကို ချီးမြှင့်အပ်နှင်းလိုက်ပါတယ်။

ဒီနေ့ကျရောက်တဲ့ ၇၆ နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရာမှာ ပါဝင်ခဲ့သူ ၁၀၂၁ ဦးကို SAC ဥက္ကဋ္ဌက လူမှုထူးချွန် ပထမအဆင့် ချီးမြှင့်ရာမှာ ကာကွယ်ရေးဝန်ကြီးဌာနက ဗိုလ်မှူးချုပ်မျိုးမြင့်(ငြိမ်း)၊ ဗိုလ်မှူးချုပ်မင်းသိန်းတင့် (ငြိမ်း) တို့ကစပြီး ဝန်ကြီးဌာနပေါင်းစုံက အဆင့်မြင့်အရာရှိတွေ၊ နိုင်ငံတော်အဆင့်အဖွဲ့အစည်းတွေက တာဝန်ရှိသူတွေ၊ ပြည်နယ်နဲ့တိုင်း ၁၄ ခုက တာဝန်ရှိသူတွေ ပါဝင်ခဲ့တာကို တွေ့ရပါတယ်။

ဒါ့အပြင် SAC ဥက္ကဋ္ဌဟာ ဆရာတော်ကြီးတွေ၊ ဂန္ထဓုရပရိယတ္တိ ဝန်ဆောင်စာချဆရာတော်တွေ၊ ဝိပဿနာဓုရပဋိပတ္တိဝန်ဆောင် ကမ္မဋ္ဌာန်းနည်းပြဆရာတော်တွေ၊ နယ်လှည့်ဓမ္မကထိက၊ ပြည်တွင်း၊ ပြည်ပသာသနာပြုပုဂ္ဂိုလ်တွေနဲ့ ဗုဒ္ဓသာသနာတော်ကို ပစ္စည်းလေးပါးနဲ့ ထူးခြားစွာထောက်ပံ့လှူဒါန်းနေကြတဲ့ ပုဂ္ဂိုလ်တွေကို သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်တွေ ဆက်ကပ်၊ လှူဒါန်း၊ အပ်နှင်းမှုလည်း ပြုခဲ့ပါသေးတယ်။

အလားတူပဲ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဦးသိန်းစိုးနဲ့ ဒုတိယဝန်ကြီးချုပ်နဲ့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဝင်းရှိန်ကို စည်သူဘွဲ့၊ ဗိုလ်မှူးကြီးငြိမ်းချမ်းနဲ့ ဗိုလ်ကြီးသက်ပိုင်ထက်တို့ကို သူရဘွဲ့၊ ဒုတိယမြိုင်ကြီးငူဆရာတော် ဘဒ္ဒန္တဉာဏိကနဲ့ ပြည်ထောင်စုဝန်ကြီး(ငြိမ်း) ဦးအေးမြင့်ကို သီရိပျံချီဘွဲ့၊ ဒုတိယဗိုလ်ချုပ်ကြီးထိန်ဝင်းနဲ့ ဒုတိယဗိုလ်ချုပ်ကြီးနီလင်းအောင်၊ ဗိုလ်ချုပ်ခင်ဇော်တို့ကို ဇေယျကျော်ထင်ဘွဲ့၊ ၂၀၂၂ ခုနှစ် တစ်သက်တာ အမျိုးသားစာပေဆုရှင် ဒေါက်တာသန်းဦး(ပြည်စိုးမင်း) ကို ၀ဏ္ဏကျော်ထင်ဘွဲ့၊ ဦးဝင်းစိန်(တင့်တယ်)၊ ဆိုင်းပညာရှင်ဦးစိန်မြအောင်၊ ၂၀၂၂ ခုနှစ် တစ်သက်တာ အမျိုးသားစာပေဆုရှင် ဒေါ်ခင်သန်းဝင်း(ကြူကြူသင်း)၊ ဦးချစ်စံ(ချစ်စံဝင်း)၊ ဒေါက်တာထွန်းတင့်-မြန်မာစာတို့ကို အလင်္ကာကျော်စွာဘွဲ့ စတဲ့ ဂုဏ်ထူးဆောင်တံဆိပ်များစွာလည်း အပ်နှင်းခဲ့ပါသေးတယ်။

Leave a Reply

Your email address will not be published. Required fields are marked *