October 19, 2024

၄. ၁. ၂၀၂၄
Written by Nay Moe

ရန်ကုန်-မန္တလေးကားလမ်း(လမ်းဟောင်း)ပေါ်က ကွင်းချောင်းတံတား(ကညွတ်ကွင်းတံတား)ကို ဒီနေ့မနက်မလင်းခင်မှာ KNU/KNLA နဲ့ PDF တွေက မိုင်းခွဲ ဖျက်ဆီးလိုက်တာကြောင့် ကုန်တင်ယာဉ်တွေနဲ့ ဆီသယ်ယာဉ်တွေကိုပါ အမြန်လမ်းကနေ ဖြတ်သန်းခွင့်ပြုထားရတယ်လို့ သိရပါတယ်။

ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ်နဲ့ဖြူးမြို့နယ်ကြား ရန်ကုန်-မန္တလေးကားလမ်း(လမ်းဟောင်း)ပေါ်က ကွင်းချောင်းတံတားကို ဒီနေ့မနက်အစောပိုင်းမှာ KNU/ KNLA နဲ့ PDF ပူးပေါင်းအဖွဲ့က မိုင်းခွဲဖျက်ဆီးလိုက်တာကြောင့် တံတားက ဖြတ်သန်းသွားလာမရအောင် ပျက်စီးသွားခဲ့တာပါ။

ဒီလိုမျိုး တံတားပျက်စီးသွားတာကြောင့် ကုန်တင်ယာဉ်တွေ၊ ဆီသယ်ယာဉ်တွေ ကုန်သွယ်မှုမပျက်စေဖို့အတွက် အမြန်လမ်းကနေ ယာယီဖြတ်သန်းခွင့်ပြုထားတာလို့ ကနဦး သိရပါတယ်။

“ကညွတ်ကွင်းနဲ့ တောကျွဲအင်းကြားက ကွင်းချောင်းတံတား ညက ကျိုးသွားတာပါ။ ဒါကြောင့် ဒီလမ်းဟောင်းဘက်ကနေ လာတဲ့ကားတွေက ရန်ကုန်က လာတာဆိုရင် ညောင်လေးပင်နဲ့ ကျောက်တံတားကြား ကျွန်းကုန်းလမ်းခွဲကနေ ဖဒိုမြို့ကိုဖြတ်ပြီး အမြန်လမ်းပေါ် တက်နေရပါတယ်။ မန္တလေးဘက်က လာတဲ့ ကားတွေက ၁၁၅ မိုင်ကနေ အမြန်လမ်းပေါ် တက်ရပါတယ်။ ဒီလိုမျိုး တံတားကျိုးသွားတာကြောင့် ကုန်ကားတွေ ဆီသယ်ယာဥ်တွေ ဖြတ်သန်းခွင့် ပေးထားတာ တွေ့ရသလို ၁၃၈ မိုင်နားမှာလည်း ကားတွေကျပ်နေတယ်လို့ သိရပါတယ်” လို့ လုံခြုံရေးတပ်ဖွဲ့နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

ပုံစာ။ ကွင်းချောင်းတံတား ပျက်စီးမှုမြင်ကွင်းနှင့် အမြန်လမ်းတွင် ကုန်တင်ယာဥ်နှင့် ဆီသယ်ယာဥ်များသွားလာမှုမြင်ကွင်း (Photo – Credit)

Leave a Reply

Your email address will not be published. Required fields are marked *