October 19, 2024

၄. ၁. ၂၀၂၃
Written by Thettant

ရန်ကုန် – မန္တလေး အမြန်လမ်းမှာ ယာဥ်တိမ်းမှောက်မှု ဖြစ်ပွားတာကြောင့် ရဟန်းတစ်ပါးအပါအဝင် သုံးလောင်းပြိုင် သေဆုံးမှု ဒီနေ့မနက်ပိုင်းက ဖြစ်ပွားခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ ပြည်သာယာလူငယ် လူမှုကူညီရေးအသင်း(မိတ္ထီလာမြို့)က သိရပါတယ်။

ဖြစ်စဥ်ဟာ ဒီနေ့ မနက်ပိုင်း ၇ နာရီခွဲဝန်းကျင်မှာ ရန်ကုန် – မန္တလေးအမြန်လမ်း မိုင်တိုင် ၂၈၇ မိုင်မှာ Bighorn ယာဥ်တစ်စီး တိမ်းမှောက်ခဲ့ပြီး သက်တော် ၄၀ ခန့် ရဟန်းတစ်ပါး၊ အသက် ၂၀ ဝန်းကျင်အမျိုးသားတစ်ဦးနဲ့ အသက်ခန့်မှန်းရမလွယ်တဲ့ အမျိုးသမီးတစ်ဦးတို့ကို ယာဥ်တိမ်းမှောက်ချိန်ရရှိခဲ့တဲ့ဒဏ်ရာတွေနဲ့ သေဆုံးလျက်သား တွေ့ရပြီး ရဟန်းတစ်ပါးနဲ့ လူငယ်တစ်ဦးလည်း ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

“ကားမှောက်တဲ့ဖြစ်စဥ်က အတိအကျမသိရဘူး။ ကားကတော့ ပြင်ဦးလွင်ဘက်က ဘုန်းကြီးကျောင်းကားလို့ သိရတယ်။ ဘုန်းကြီးတစ်ပါး၊ လူငယ်အမျိုးသားတစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက်ပါတယ်။ အလောင်းတွေကို ဆေးရုံပို့ပေးခဲ့ပါတယ်” လို့ ပြည်သာယာလူငယ် လူမှုကူညီရေးအသင်းက တာဝန်ရှိသူက ပြောပါတယ်။

ဒီဖြစ်စဥ်ကို အမြန်လမ်း ရဲတပ်ဖွဲ့ ၊ အမြန်လမ်း မီးသတ်တပ်ဖွဲ့ ၊ အမြန်လမ်း 192 EMS အဖွဲ့တို့နဲ့အတူ ပြည်သာယာလူငယ် လူမှုကူညီရေးအသင်း (မိတ္ထီလာမြို့) က ပူးပေါင်းကူညီပေးခဲ့တယ်လို့လည်း သိရပါတယ်။

ဓာတ်ပုံ – ပြည်သာယာလူငယ် လူမှုကူညီရေးအသင်း – မိတ္ထီလာမြို့

Leave a Reply

Your email address will not be published. Required fields are marked *