October 19, 2024

၄. ၁. ၂၀၂၄
Written by Nay Aung

လွှတ်ရက်စေ့သော်လည်း ပြန်လွှတ်မပေးသည်ကို မကျေနပ်သည့်အတွက် ထိုင်းနိုင်ငံ ရနောင်းအချုပ်ထောင်ရှိ မြန်မာနိုင်ငံသား ၂၅၈ ဦး ဆန္ဒပြတောင်းဆိုခဲ့ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြထားသည်။

ရနောင်းအချုပ်ထောင်ထဲတွင် ထိန်းသိမ်းခံထားရသူ မြန်မာနိုင်ငံသားအများစုသည် ထိုင်းနိုင်ငံအတွင်းသို့တရားမဝင် ဝင်ရောက်မှုဖြင့် ဖမ်းဆီးထိန်းသိမ်းခံထားရသူများဖြစ်သည်။ ထိုင်းနိုင်ငံတောင်ပိုင်းရှိ ခရိုင်အသီးသီးက ထောင်များတွင် ပြစ်ဒဏ်အမျိုးမျိုးဖြင့် အဖမ်းအဆီးခံရသောမြန်မာနိုင်ငံသားများသည် လွတ်ရက်စေ့သောအချိန်တွင် မြန်မာနိုင်ငံဘက်ကို ပြန်ပို့ရန် ရနောင်းလူဝင်မှုကြီးကြပ်ရေးအချုပ်တွင် ထားရှိခံရကြောင်း သိရသည်။

ရနောင်းအချုပ်ထောင်တွင် ထိန်းသိမ်းခံထားရသော မြန်မာနိုင်ငံသားများသည် အချုပ်ထဲတွင် လအတန်ကြာရှိနေသည့်အတွက် မိခင်နိုင်ငံသို့ ပြန်ရန် လိုလားနေပြီး “နှစ်သစ်ကူးမှာ အမိမြန်မာနိုင်ငံကိုပြန်ပို့ပေးပါ” ဆိုသော စာတမ်းကို ချိတ်ဆွဲဆန္ဒပြခဲ့ကြောင်း သိရသည်။ အချုပ်အတွင်း ဖြစ်ပွားသည့် ဆန္ဒပြပွဲနှင့်ပတ်သက်ပြီး ရုန်းရင်း ဆန်ခတ်ဖြစ်ပွားခဲ့ရာ ရနောင်း လူဝင်မှုကြီးကြပ်ရေးအချုပ်ထောင်ကို ရဲအင်အား ၆၀ ကျော်ဖြင့် ဝိုင်းထားခဲ့ရကြောင်း သိရသည်။

ရနောင်းခရိုင် လူဝင်မှုကြီးကြပ်ရေးအရာရှိ ဗိုလ်ချုပ် ဆူပရပ် ပန်ကိုစွန် (Pol. Col. Supharerk Pankoson, Director of Ranong Immigration Bureau) က “ဆန္ဒပြနေကြတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ အာဏာပိုင်တွေနဲ့ ဆွေး‌နွေးဖို့ပြောချင်ပါတယ်။ ကျွန်တော်တို့အနေနဲ့ အင်အားသုံးပြီး ဖြိုခွင်းမှာ မဟုတ်ဘူး။ တရားဥပဒေ စိုးမိုးရေးနဲ့ ငြိမ်းချမ်းရေးအတွက်လုပ်ဆောင်တာမျိုးသာဖြစ်ပါတယ်။”ဟု ပြောသည်။

ထိုင်းရဲတပ်ဖွဲ့တာဝန်ရှိသူများသည် ဆန္ဒပြနေသည့် မြန်မာနိုင်ငံသားများနှင့် ဆွေးနွေးခြင်းများရှိခဲ့ကြောင်း၊ အချုပ်ထောင်အတွင်း ထိန်းသိမ်းခံထားရသော မြန်မာ နိုင်ငံသားများအနက်မှ ၁၀၀ နှင့် ၂၀၀ ကြားပါဝင်သော လူအုပ်စုကိုတစ်လအတွင်း နှစ်ကြိမ် အထိ မိခင်နိုင်ငံကို ပြန်ပို့သွားဖွယ်ရှိနေကြောင်း ထိုင်းသတင်းများတွင်ဖော်ပြထားသည်။ အဆိုပါ ရနောင်းအချုပ်ထောင်တွင် ထိန်းသိမ်းခံထားရသော မြန်မာနိုင်ငံသား ၂၅၈ ဦးအနက် အမျိုးသား ၂၁၀ ဦးနှင့် အမျိုးသမီး ၄၈ ဦး ပါဝင်ကြောင်းသိရသည်။

Ref dailynews

Leave a Reply

Your email address will not be published. Required fields are marked *