October 19, 2024

၄. ၁. ၂၀၂၄
Written by Pan Ei

ကမ္ဘာပေါ်က လူတော်တော်များများကစားဖူးကြပြီး ထွက်ရှိပြီးတာ ၃၄ နှစ်ကြာပြီဖြစ်တဲ့ Nintendo ရဲ့ ရိုးရှင်းတဲ့ ဂန္ထဝင် ဘလော့တုံးဂိမ်းကို ပထမဆုံးအနိုင်ယူနိုင်ခဲ့တဲ့ လူသားအဖြစ် အမေရိကန်ပြည်ထောင်စု၊ အိုကလာဟိုးမားပြည်နယ်က ဆယ်ကျော်သက်တစ်ဦးက စံချိန်တင်ခဲ့ပါတယ်။

Willis Gibson လို့ အမည်ရတဲ့ ဆယ်ကျော်သက် ကောင်လေးဟာ Nintendo ရဲ့ ဂန္ထဝင်ဗီဒီယိုဂိမ်း Tetris ဆော့ထားတဲ့ ဗီဒီယိုကို YouTube ချန်နယ်မှာ တင်ခဲ့ရာ သူ အဆင့် ၁၅၇ ကိုရောက်ရှိချိန်မှာ ဂိမ်းက ‌ဘလော့တုံးတွေဆက်မကျတော့ဘဲ ရပ်သွားတာကို တွေ့ရပြီး Willis Gibson ကတော့ သူ အနိုင်ယူခဲ့တဲ့အဆင့်ထိရောက်ဖို့ ၃၈ မိနစ်ကြာ ဆော့ကစားခဲ့တာပါ။ ဗီဒီယိုထဲမှာ အနိုင်ရရှိပြီးနောက် သူဟာ နောက်ကို လှဲချခဲ့ပြီး “အသက်ရှူရပ်မတတ်ဘဲ၊ ကျွန်တော့် လက်ချောင်းတွေကို မခံစားရတော့ဘူး” လို့လည်း ပြောခဲ့ပါသေးတယ်။

အံ့သြစရာကောင်းတာက ပြီးခဲ့တဲ့နှစ်အနည်းငယ်အထိ ကစားသမားတွေက အဆင့် ၂၉ အထိသာ ကစားနိုင်ခဲ့တယ်လို့ ယုံကြည်ခဲ့ကြတာလည်း ဖြစ်ပါတယ်။

Gibson ဟာ ၂၀၂၃ ခုနှစ် Tetris ကမ္ဘာ့ချန်ပီယံပြိုင်ပွဲမှာ တတိယနေရာရရှိခဲ့ပြီး စံချိန်ချိုးနိုင်ခဲ့တဲ့ လူသားဂိမ်းကစားသူဖြစ်ပေမဲ့ Tetris ကို ဉာဏ်ရည်တု (AI) က ဂိမ်းကန့်သတ်ချက်တွေကို ကိုင်တွယ်ကာ ကစားခဲ့ရာမှာတော့ ၂၀၂၁ ခုနှစ်က အဆင့် ၂၃၆ အထိ ရောက်ရှိခဲ့ဖူးပါတယ်။

အခုခေတ်မှာ တခြားသော ဂိမ်းတွေ များပြားစွာ ပေါ်ထွက်လာခဲ့ပြီး အပြိုင်အဆိုင်ဖြစ်နေခဲ့ပေမဲ့ Tetris ရဲ့ ရိုးရှင်းမှုကတော့ ဆယ်စုနှစ်များစွာ ရေပန်းစားနေခဲ့တာလို့ ကျွမ်းကျင်သူတချို့က ဆိုပါတယ်။ Willis ဟာ ဂိမ်းကို အနိုင်ယူခဲ့သလို စုစုပေါင်း ရမှတ်နဲ့ တခြား Tetris ကမ္ဘာ့စံချိန် သုံးခုကိုလည်း ချိုးဖျက်ခဲ့တယ်လို့ သိရပါတယ်။

အခုလက်ရှိမှာတော့ တခြားဂိမ်းကစားသူတွေက ၁၃ နှစ်သားလေးရဲ့ မှတ်တမ်းတွေကို ကျော်လွှားဖို့ ကြိုးစားနေကြပြီး လူအများအပြားကလည်း ဆိုရှယ်မီဒီယာနဲ့ ဗီဒီယိုလွှင့်ဝက်ဘ်ဆိုတ်တွေမှာ သူတို့ရဲ့ ကြိုးစားမှုတွေကို မှတ်တမ်းတင်ထားကြပါတယ်။

Ref; CNN

Leave a Reply

Your email address will not be published. Required fields are marked *