October 19, 2024

၄. ၁. ၂၀၂၄
Translated by Htwe Ko Tun

လွန်ခဲ့သော လေးနှစ် ၂၀၂၀ ပြည့်နှစ်က အမေရိကန်တို့၏မောင်းသူမဲ့လေယာဉ်ဖြင့် တိုက်ခိုက်မှုကြောင့်ဟုဆိုသော လေကြောင်းတိုက်ခိုက်မှုတစ်ရပ်တွင် သေဆုံးခဲ့သည့် လူသိများထင်ရှားသော အီရန်ဗိုလ်ချုပ်ကြီး ကွတ်ဆန် ဆိုလေမာနီ ၏ သေဆုံးမှုနှစ်ပတ်လည်အမှတ်တရအခမ်းအနား ကျင်းပနေစဉ် အီရန်နိုင်ငံ၊ ကာမန်မြို့၌ ဇန်နဝါရီ ၃ ရက်က ဗုံးနှစ်လုံးပေါက်ကွဲခဲ့ရာ အနည်းဆုံး လူ ၉၅ ဦးသေဆုံးခဲ့ရကြောင်း အီရန် အစိုးရတာဝန်ရှိသူများက ပြောကြားခဲ့ကြသည်။

လောလောဆယ်တွင် ဗုံးပေါက်ကွဲမှုများကို မည်သူကဆောင်ရွက်ခဲ့သည်ဟု ပြောကြားခြင်းမရှိသေးပေ။ အီရန်ခေါင်းဆောင်များကမူ ထိခိုက်ဒဏ်ရာရသူလည်း အနည်းဆုံး ၂၁၁ ဦးရှိမည်ဆိုသော အဆိုပါ ဗုံးခွဲမှု အတွက် တာဝန်ရှိသူများကို ပြင်းပြင်းထန်ထန်အရေးယူမည်ဟု ပြောခဲ့ကြသည်။

ပေါက်ကွဲမှုများက မြို့တော်တီဟီရန်၏ အရှေ့တောင်ဘက် ၈၂၀ ကီလိုမီတာ(၅၁၀ မိုင်) အကွာရှိ ကာမန်မြို့တစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့သည်။ ပေါက်ကွဲမှုများက မိနစ်ပိုင်းသာခြား၍ဖြစ်ခဲ့ခြင်းဖြစ်ရာ ဒုတိယပေါက်ကွဲမှု၏ဗုံးဆံများက ပထမပေါက်ကွဲမှုကြောင့် ကြောက်လန့်နေကြသည့်လူအုပ်ကြီးအတွင်းသို့ပင် ပျံ့နှံ့ကျရောက်လာသည်ကိုတွေ့ကြရသည်။

အစောပိုင်းက ထုတ်ပြန်ခဲ့သည့်သေဆုံးမှုစာရင်းတွင် ၁၀၃ ဦးအထိရှိသည်ဟုဆိုခဲ့သော်လည်း အချို့ သော သေဆုံးသူများ၏အမည်များက ထပ်မံပါဝင်နေ၍ အမှန်သေဆုံးသူ ၉၅ ဦးသို့ပြန်လည်လျှော့ချထုတ်ပြန်ခဲ့ကြောင်း အီရန် ကျန်းမာရေးဝန်ကြီးဌာနဝန်ကြီး ဘာရမ် အီနိုလာဟီက ရုပ်မြင်သံကြားမှပြောခဲ့သည်။ သို့သော် ဒဏ်ရာရရှိသူများတွင် အသက်အန္တရာယ်စိုးရိမ်ရသူ အများအပြားပါဝင်နေသဖြင့် ဗုံး ပေါက်ကွဲမှု၌ သေဆုံးသူဦးရေမှာထပ်မံမြင့်တက်လာနိုင်သေးကြောင်းလည်း သိရသည်။

ဗိုလ်ချုပ်ကြီး ကွတ်ဆန် ဆိုလေမာနီက အီရန်အစ္စလမ်မစ်တော်လှန်ရေးတပ်ဖွဲ့၏ Quds Force တပ်မှူးလည်းဖြစ်ကာ အီရတ်နိုင်ငံအတွင်းရောက်ရှိနေစဉ် အမေရိကန်၏မောင်းသူမဲ့လေယာဉ်ဖြင့် တိုက်ခိုက်မှုကြောင့်သေဆုံးခဲ့ခြင်းဖြစ်သည်။ ကာမန်မြို့အတွင်း ၎င်း၏ အုတ်ဂူ‌အနီး၌ ၎င်းသေဆုံးမှုလေးနှစ်ပြည့် အခမ်းအနားကျင်းပရန် လူအုပ်ကြီးက တန်းစီစောင့်ဆိုင်းနေကြစဉ် ဗုံးကွဲမှုများဖြစ်ခဲ့ရခြင်းလည်း ဖြစ်သည်။

ပထမဗုံးက မွန်းလွဲ ၃ နာရီခန့်တွင် ပေါက်ကွဲခဲ့ကာ မိနစ် ၂၀ အကြာ၌ ဒုတိယဗုံး ထပ်မံပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း၊ ဒုတိယဗုံးကပိုပိုပြင်းထန်ကာ ၎င်းကြောင့်သေကြေဒဏ်ရာရသူပိုများကြောင်း ပြည်ထဲရေးဝန်ကြီး အာမက်ဗာဟီဒီ ကလည်း ရုပ်မြင်သံကြားမှ ပြောခဲ့သည်။

Ref–AP

Leave a Reply

Your email address will not be published. Required fields are marked *