October 19, 2024

၄. ၁. ၂၀၂၃
Written by Pan Ei

ဂျပန်နိုင်ငံ၊ တိုကျိုမြို့ အကီဘာဟရာ ဘူတာရုံရှိ ရထားတစ်စင်းပေါ်မှာ မနေ့(ဇန်နဝါရီလ ၃ ရက်) ညက အမျိုးသမီးတစ်ဦးဟာ ရထားပေါ်က ခရီးသည်တွေကို ဓားနဲ့ လိုက်ထိုးတာကြောင့် အမျိုးသားသုံးဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဂျပန်ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။

ဇန်နဝါရီလ ၃ ရက် ည ၁၁ နာရီမထိုးခင် အဆိုပါ အမျိုးသမီးဟာ မြို့တော်အတွင်း လူအရှုပ်ဆုံး သယ်ယူပို့ဆောင်ရေးလမ်းကြောင်းဖြစ်တဲ့ ယာမာနိုတဲလမ်းကြောင်းမှာ ဓားနဲ့ထိုးခဲ့တာဖြစ်ကြောင်း တိုကျိုမြို့တော်ရဲဌာနက ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သလို သူမကို ဖမ်းဆီးထိန်းသိမ်းထားပြီး ဒဏ်ရာရ အမျိုးသား သုံးဦးရဲ့ အခြေအနေကို မသိရသေးကြောင်း ပြောရေးဆိုခွင့်ရှိသူက ဆက်လက်ပြောကြားခဲ့ပါတယ်။

ရထားပေါ်က ဓားထိုးမှု ဖြစ်ရပ်ကြောင့် အခုလက်ရှိမှာတော့ ယာမာနိုတဲ လမ်းကြောင်းကို ခေတ္တဆိုင်းငံ့ထားကြောင်း အရှေ့ဂျပန်မီးရထားကုမ္ပဏီက ပြောကြားခဲ့ပြီး ဓားထိုးခံရသူတွေက အသက်အန္တရာယ်တော့ မစိုးရိမ်ရဘူးလို့ သိရပါတယ်။

အကီဘာဟရာမြို့ဟာ အစဉ်အလာအားဖြင့် အီလက်ထရွန်နစ်ပစ္စည်းနဲ့ ကိရိယာတွေ လက်လီရောင်းချသူတွေရဲ့နေရာဖြစ်ပြီး တိုကျိုမှာ အဓိကခရီးသွားနေရာတစ်ခုဖြစ်သလို ဗီဒီယိုဂိမ်းတွေ၊ ရုပ်ပြစာအုပ်တွေနဲ့ ထူးဆန်းတဲ့ ဝတ်စားဆင်ယင်မှုဖက်ရှင်တွေနဲ့ ဆက်စပ်တဲ့နေရာတစ်ခုလည်း ဖြစ်ပါတယ်။

ဂျပန်နိုင်ငံမှာ ၂၀၂၄ နှစ်စကတည်းက နေ့တိုင်းဆိုသလို ကိစ္စရပ်တွေဖြစ်ပေါ်နေလျက်ရှိရှာ ဇန်နဝါရီလ ၁ ရက်က ဂျပန်နိုင်ငံအလယ်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် ဒီနေ့အထိ သေဆုံးသူ ၇၇ ဦးအထိ ရှိခဲ့ပြီဖြစ်ပါတယ်။ ဒါ့အပြင့် ဇန်နဝါရီလ ၂ ရက်ကလည်း တိုကျိုမြို့လေဆိပ်မှာ လေယာဉ်နှစ်စီး တိုက်မိခဲ့ရာ လူ ၅ ဦးသေဆုံးပြီး ဂျပန်လေကြောင်းလိုင်းက အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကျော် ဆုံးရှုံးခဲ့တယ်လို့ ခန့်မှန်းထားကြသလို ဇန်နဝါရီလ ၃ ရက်မှာလည်း ခုလို ရထားပေါ် ဓားထိုးမှု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

Ref; Reuters, ABC news

Leave a Reply

Your email address will not be published. Required fields are marked *