October 19, 2024

အကျဥ်းကျခံရသူများကို ပြန်လွှတ်ပေးမှုယခင် မြင်ကွင်း

MT News
၄. ၁. ၂၀၂၄

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် အမိန့်အမှတ် ၁/၂၀၂၄ နှင့် ၂/၂၀၂၄ တို့အား ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်လိုက်ပြီး ယနေ့ကျရောက်သော လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် နိုင်ငံသားအကျဥ်းသား ၉၆၅၂ ဦးနှင့် နိုင်ငံခြားသားအကျဥ်းသား ၁၁၄ ဦးအား ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ပြုလိုက်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် ကျရောက်သည့် ၇၆ နှစ်မြောက် လွတ်လပ်ရေး အထိမ်းအမှတ်အားဖြင့် လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့် လည်းကောင်း အကျဉ်းထောင်/အချုပ်ထောင်/စခန်း အသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား/သူ ၉၆၅၂ ဦးတို့ကို “ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်” ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များအပေါ်လျှော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက်သည်။”ဟု သိရသည်။

ထို့အတူ SAC ဥက္ကဋ္ဌသည် နိုင်ငံခြားသားအကျဥ်းသား ၁၁၄ ဦးတို့ကိုလည်း “ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်” ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များအပေါ်လျှော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက်ပြီး ပြည်နှင်ဒဏ်ပေးခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်မှစတင်ကာ SAC အစိုးရသုံးနှစ်ခန့်သက်တမ်းအတွင်း နိုင်ငံရေးပုဒ်မဖြင့် ပြစ်ဒဏ်ကျခံရသူများအပါအဝင် အကျဥ်းသား ရှစ်သောင်းကျော် ပြန်လွှတ်ပေးခဲ့သည်ဟုလည်း သိရှိရသည်။

ပုံစာ။ အကျဥ်းကျခံရသူများကို ပြန်လွှတ်ပေးမှုယခင် မြင်ကွင်း

Leave a Reply

Your email address will not be published. Required fields are marked *