October 19, 2024

၄. ၁. ၂၀၂၄
Written by Nyein Kyaw

အသက်တမျှအရေးကြီးသည့် လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် မြန်မာ့တပ်မတော်မှ တိုင်းရင်းသားပြည်သူများနှင့် တွဲလက်ညီညီ ရင်ဆိုင်ကာကွယ်ခဲ့ခြင်းကြောင့် လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ တည်တံ့နေခြင်းသာဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ၂၀၂၄ ခုနှစ်၊ (၇၆)နှစ်မြောက် လွတ်လပ်‌ရေးနေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာတွင် ထည့်သွင်းပြောကြားခဲ့သည်။

နေပြည်တော်ကောင်စီနယ်မြေအတွင်း လွတ်လပ်ရေးနေ့ အခမ်းအနားကို နေပြည်တော် မြို့တော်ခန်းမရှေ့တွင် ပြုလုပ်ခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချူပ်မှုးကြီး စိုးဝင်းနှင့် ပြည်ထောင်စုအစိုးရဝန်ကြီးများ၊ ကောင်စီအဖွဲ့အဝင်များ၊ ဝန်ကြီးဌာနအသီးသီးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကာ SAC ဥက္ကဋ္ဌ ပေးပို့သည့် သဝဏ်လွှာအား SAC ဒုတိယဥက္ကဋ္ဌက ဖတ်ကြားခဲ့ခြင်းဖြစ်သည်။

တစ်ခဏတာအတွင်း ဆုံးရှုံးလိုက်ရသော လွပ်လပ်‌ရေးကို နှစ်ပေါင်းများစွာ တိုင်းရင်းသားပြည်သူများ၏ အသက်၊ သွေး၊ ချွေးများကို ရင်းနှီးပေးဆပ်၍ ပြန်လည်ကြိုးပမ်းရယူခဲ့ရသည်။ ရှေးဘိုးဘွားများ၏ မျိုးချစ်စိတ်၊ နိုင်ငံတော်အတွက် ပေးဆပ်စွန့်လွှတ်ရဲသည့် စိတ်များကြောင့် လွတ်လပ်ရေးဟူသော အနှိုင်းမဲ့ဂုဏ်ဒြပ်နှင့်အတူ ပြည်ထောင်စုတစ်ခုကို ပိုင်ဆိုင်ခဲ့ရသော်လည်း နိုင်ငံရေးနှင့် လူမျိုးရေးအရ အယူဝါဒကွဲပြားမှုများကြောင့်ပင် မြန်မာနိုင်ငံမှာ မုန်တိုင်းကြားမှ ပျိုးပင်ငယ်ပမာ ကာလများကို ရင်ဆိုင်ကြုံတွေ့ခဲ့ရပါသည်ဟု သဝဏ်လွှာတွင် ထည့်သွင်းပြောကြားခဲ့သည်။

ထို့ကြောင့် တိုင်းရင်းသား စည်းလုံးညီညွှတ်မှုစွမ်းအားကို အားကောင်းစေသည့် စစ်မှန်၍ စည်းကမ်းပြည့်ဝပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုဖော်ဆောင်ရေးတွင် ပြည်ထောင်စုဖွား တိုင်းရင်းသားအားလုံးမှ လေးနက်စွာလိုက်နာအကောင်အထည်ဖော် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ခေတ်မီဖွံ့ဖြိုးတိုးတက်ပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်ရာတွင် ဦးဆောင်သူ၊ အကောင်အထည်‌ဖော်ဆောင်ရွက်သူ၊ လိုက်နာကျင့်သုံးသူများအားလုံး အသိပညာ၊ အတက်ပညာ၊ ပင်ကိုအရည်အသွေး၊ စဉ်းစားတွေးခေါ်မှု စွမ်းရည်များနှင့် ပြည့်စုံရန်လိုအပ်သည့် နိုင်ငံတော်အတွက် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်သည့် ဘက်စုံပညာရေးကဏ္ဍကို မြှင့်တင်ကြိုးပမ်းဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့ပြင် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်ရာတွင် လူမျိုးကို အခြေခံသည့် ဖက်ဒရယ်စနစ်ကို ဆောင်ရွက်ခြင်း မဟုတ်ဘဲ ဒေသကိုအခြေခံသည့်စနစ်ကို အဓိက ဦးတည်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *