October 19, 2024

၃. ၁၂. ၂၀၂၃
Written by Ye Kyaw

လက်နက်ကိုင်ပဋိပက္ခများ ပိုမိုကြီးထွားလာခြင်းကြောင့် မြန်မာ့ကုန်ထုတ်လုပ်မှု ဒီဇင်ဘာလတွင် ၂၀၂၃ ခုနှစ်အတွင်း အနိမ့်ဆုံးသို့ ထိုးကျခဲ့ပြီး လုံခြုံရေးစိုးရိမ်မှုများက လုပ်ငန်းများ၏ ယုံကြည်မှုအပေါ် ဖိစီးလာခဲ့ကြောင်း ဇန်နဝါရီ ၁ ရက်တွင် ထုတ်ပြန်သည့် S&P Global မြန်မာ့ထုတ်လုပ်မှု Purchasing Managers’ Index (PMI) စစ်တမ်းတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်မှုသည် ပြည်တွင်း၌ မြို့သိမ်း တိုက်ပွဲများ စတင်ဖြစ်ခဲ့သည့် ၂၀၂၃ ခုနှစ် အောက်တိုဘာလ နောက်ပိုင်းမှစတင်၍ အကျဘက်သို့ ဦးတည်လာခြင်းဖြစ်သည်။ အဓိကကျသည့် ကုန်ထုတ်လုပ်မှု PMI အညွှန်းကိန်းသည် ဒီဇင်ဘာလတွင် ၄၂ ဒသမ ၉ သာရှိ၍ နိုဝင်ဘာလ၏ ၄၈ ဒသမ ၁ ထက် သိသာစွာ နိမ့်ကျနေပြီး ၂၀၂၃ ခုနှစ် တစ်နှစ်လုံးတွင် အဆိုးဝါးဆုံး ကျဆင်းခဲ့မှုဖြစ်ကြောင်း ဖော်ပြထားသည်။

“တပ်နဲ့ တော်လှန်ရေး အင်အားစုများအကြား လက်နက် ကိုင် ပဋိပက္ခများ လတ်တလေး အရှိန်မြင့်လာမှုက စီးပွားရေးကို ထိပါးလာခဲ့ခြင်းမှာ မြန်မာနိုင်ငံရဲ့ ထုတ်လုပ်ရေး ကဏ္ဍဟာ ၂၀၂၃ ခုနှစ်အကုန်ပိုင်းမှာ ထိုးကျသွားပါတယ်။ ထုတ်လုပ်မှုနဲ့ အော်ဒါအသစ်များဟာ ဒီဇင်ဘာလမှာ တဟုန်ထိုး ကျဆင်းသွားခဲ့ပြီး အဓိကအကျဆုံး PMI အညွှန်းကိန်းကို တစ်နှစ်အတွင်း အနိမ့်ဆုံးမှာ မှတ်တမ်းတင်ခဲ့တယ်” ဟု S&P Global Market Intelligence မှ စီးပွားရေးပညာရှင် Maryam Baluch က ပြောကြားသည်။

မြန်မာနိုင်ငံအတွင်းရှိ ထုတ်လုပ်ရေးကုမ္ပဏီများသည် သေရေးရှင်ရေးအခြေအနေမျိုး၌ လုပ်ကိုင်နေကြရခြင်းဖြစ်ပြီး ပဋိပက္ခများ ပျံ့နှံ့လာနေခြင်းကြောင့် စိန်ခေါ်မှုများကို ယခင်ထက် တိုး၍ရင်ဆိုင်နေရခြင်းကြောင့် ကုန်သွယ်ရေး လမ်းကြောင်းများကိုပါ သက်ရောက်မှုရှိလာပြီး သွင်းကုန်လိုင်စင်ရရှိရေး ခက်ခဲနေခြင်းက ကုန်ကြမ်းပစ္စည်း ရှားပါးမှုဖြစ်ပေါ်နေခြင်းဖြစ်ကြောင်း၊ အော်ဒါအသစ်များရရှိမှာလည်း နှစ်နှစ်ကျော်အတွင်း အနက်ရှိုင်းဆုံး ကျဆင်းသွားခဲ့ကြောင်း ဖော်ပြထားသည်။

“နိုင်ငံရေး၊ မတည်ငြိမ်မှုဟာ မကြုံစဖူးကြီးထွားလာချိန်မှာ ပထဝီနိုင်ငံရေး အဆက်အသွယ်များဟာ၊ အထူး သဖြင့် တရုတ်ပြည်မကြီးနဲ့ အဆက်အသွယ်ဟာ ၂၀၂၄ ခုနှစ်ထဲ အခြေချဝင်ချိန်မှာ တစ်စိတ်တစ်ဒေသအနေနဲ့ မြန်မာနိုင်ငံရဲ့ လမ်းကြောင်းကို ဆုံးဖြတ်ပေးကြလိမ့်မယ်” ဟု စီးပွားရေးပညာရှင် Maryam Baluch က သုံးသပ်ပြောကြားသည်။

မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်မှုလုပ်ငန်းများသည် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလမှ စက်တင်ဘာလအထိ ရှစ်လဆက်တိုက် တိုးတက်မှုရှိခဲ့ပြီး အဆိုပါကာလ၏ အချို့သောလများ၌ အာဆီယံဒေသတွင်း ကုန်ထုတ်လုပ်မှုအမြင့်ဆုံး အခြေအနေများသို့ ရောက်ရှိခဲ့သည့် ကာလများကို ဖြတ်သန်းခဲ့ရခြင်းဖြစ်သည်။ သို့သော် ပြီးခဲ့သည့် အောက်တိုဘာလမှစတင်ပြီး ကုန်ထုတ်လုပ်မှု PMI အညွှန်းကိန်း စံသတ်မှတ်ချက် အမှတ် ၅၀ အောက်သို့ စတင်ကျဆင်းခဲ့ခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *