October 19, 2024

၃. ၁. ၂၀၂၃
Written by Thettant

အမျိုးသမီးငယ်လေးဦးကို တရုတ်အမျိုးသားနှင့် လက်ထပ်ရန် စည်းရုံးပြောဆိုပြီး ငွေကြေးခေါင်းပုံဖြတ်ရယူရန် စီစဉ်ခဲ့သည့် အမျိုးသမီးနှစ်ဦးကို လူကုန်ကူးမှုဖြင့် အလုပ်နှင့်ထောင်ဒဏ် အနှစ် ၄၀ စီ ချမှတ်ခဲ့ကြောင်း သိရသည်။

ပထမဖြစ်စဥ်မှာ ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ဟင်္သာတမြို့နယ်နေ သင်းသင်းခိုင်(ခ) အေးသင်းခိုင်နှင့် မအကြီးမ (ခ) ဇင်မာဦး(ခ) မိုင်လေးတို့က ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်နေ မ—၊ ၁၇ နှစ်၊ ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့နယ်နေ မ—-၊ ၂၇ နှစ်နှင့် ဘိုကလေးမြို့နယ်နေ မ—၊ ၂၃ နှစ်တို့အား တရုတ်နိုင်ငံသို့ပို့ဆောင်၍ တရုတ်အမျိုးသားနှင့်လက်ထပ်ရန် စည်းရုံးပြောဆိုပြီး ငွေကြေးများအား ခေါင်းပုံဖြတ်ရယူရန် စီစဉ်ခဲ့သဖြင့် ဟင်္သာတမြို့မရဲစခန်းက (ပ) ၁၇၄/ ၂၀၂၃၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၈(က)/ ၄၄ ဖြင့် အမှုရေးဖွင့်ခဲ့သည်။

အဆိုပါအမှုအား ဟင်္သာတခရိုင် တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ တရားရုံးရာကြီးအမှုအမှတ် ၄၂/ ၂၀၂၃ ဖြင့် လက်ခံစစ်ဆေးခဲ့ပြီး ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်တွင် တရားခံသင်းသင်းခိုင် (ခ) အေးသင်းခိုင်နှင့် မအကြီးမ(ခ)ဇင်မာဦး(ခ) မိုင်လေးတို့အား လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၈(က)/၄၄ အရ အလုပ်နှင့်ထောင်ဒဏ် နှစ် ၂၀ စီ ကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။

အလားတူ ယင်းတို့နှစ်ဦးကပင် တစ်မြို့နယ်တည်းနေ မ —-၊ ၁၄ နှစ်အား တရုတ်နိုင်ငံသို့ပို့ဆောင်၍ တရုတ်အမျိုးသားနှင့် လက်ထပ်ရန် စည်းရုံးပြောဆိုပြီး ငွေကြေးများအား ခေါင်းပုံဖြတ်ရယူရန်စီစဉ်ခဲ့သဖြင့် ဟင်္သာတမြို့မ ရဲစခန်းက (ပ) ၁၇၅/၂၀၂၃၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၈(က)/၄၄ ဖြင့် အမှုရေးဖွင့်ခဲ့သည်။

အဆိုပါအမှုအား ဟင်္သာတခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ တရားရုံးရာကြီးအမှု အမှတ် ၄၉/၂၀၂၃ ဖြင့် လက်ခံစစ်ဆေးခဲ့ပြီး၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်တွင် တရားခံသင်းသင်းခိုင် (ခ) အေးသင်းခိုင်နှင့် မအကြီးမ (ခ) ဇင်မာဦး (ခ) မိုင်လေးတို့အား လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၈(က)/၄၄ အရ အလုပ်နှင့်ထောင်ဒဏ်နှစ် ၂၀ စီ ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *