၁.၁.၂၀၂၄
Written by Hey Mar
မန္တလေးက ဈေးဝယ်ပြီးပြန်လာတဲ့ မိသားစု စီးနင်းမောင်နှင်လာတဲ့ Hijet ယာဉ်ငယ် ကားဘီးပေါက်ပြီး တိမ်းမှောက်ရာက အသက် ၉ နှစ်အရွယ် ကလေးငယ်တစ်ဦးသေဆုံးခဲ့တဲ့ဖြစ်စဉ် ဒီကနေ့ ဇန်နဝါရီ ၁ ရက် နေ့လယ် ၂နာရီ ဝန်းကျင်က ရန်ကုန် – မန္တလေးအမြန်လမ်း မိုင်တိုင် ၃၁၆/၁ မှာ ဖြစ်ပွားခဲ့တယ်လို့ မြေပြင်မှာသွားရောက်ကူညီ ဆောင်ရွက်ပေးခဲ့တဲ့ ပရဟိတ အသင်းထံကနေ သိရပါတယ် ။
ဖြစ်စဉ်ကြောင့် ယာဉ်ပေါ်လိုက်ပါလာသူ ၈ ဦးအနက် အသက် ၉ နှစ်အရွယ် ယောကျာ်းလေးတစ်ဦး ဆေးရုံတင်ပို့နေစဉ် သေဆုံးခဲ့ပြီး ဆယ်ကျော်သက်အရွယ် မိန်းကလေးတစ်ဦးနဲ့ အသက် ၅၀ ဝန်းကျင် အမျိုးသမီးကြီးတစ်ဦး ဒဏ်ရာအပြင်းအထန်ရရှိကာ ကျန်ရှိတဲ့ ယာဉ်ပေါ်ပါသူ အသီးသီးမှာလည်း ပေါက်ပြဲ ကျိုးပဲ့ သွေးထွက်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ မြေပြင်လူမှုကူညီရေးအသင်းတာဝန်ရှိသူက ပြောပါတယ် ။
“ မန္တလေးဘက်ကနေ ရန်ကုန်ဘက်ကို သွားတဲ့လမ်းမှာ ဖြစ်တာ။ ယာဉ်မောင်းသူပြောပြတာတော့ ရှေ့ ဘယ်ဘက်ဘီးပေါက်ပြီး လမ်းလယ်က အရံအတားတွေကို တိုက်မိတိမ်းမှောက်တာလို့ သိရတယ်။ လူနာများလို့ ကျွန်တော်တို့ အသင်းက ဝင်ရောက်ပူးပေါင်းကူညီပေးခဲ့တာပါ “လို့ မြေပြင်လူမှုကူညီရေးအသင်းတာဝန်ရှိသူက ပြောပါတယ် ။
ဒဏ်ရာရရှိသူတွေနဲ့ သေဆုံးသူ ကလေးရုပ်အလောင်းကို အသင်္ခဟ လူမှုကူညီရေးအသင်းနဲ့ အတူ M -Rescue ၊ မြေပြင် လူမှုကူညီရေးအသင်းတို့က လိုအပ်တဲ့ မြေပြင်ကုသမှုများပေးကာ နွားထိုးကြီး ပြည်သူ့ဆေးရုံကို ပိုဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။