October 19, 2024

၃. ၁. ၂၀၂၄
Written by Hey Mar

ရန်ကုန်မြို့ပြနဲ့ မြို့သစ်မြို့နယ်တွေမှာ လူဦးရေ ထူထပ်များပြားလာတာနဲ့အမျှ မြေအောက်ရေ ထုတ်ယူသုံးစွဲမှု မြင့်တက်လာတာကြောင့် ​ရန်ကုန်မြို့ရဲ့ မြေအောက်ရေ အရည်အသွေးက လျော့ကျလာနေပြီလို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု)မှ လက်ထောက်ညွှန်ကြားရေးမှုးက MT News ကို ပြောပါတယ်။

တချို့မြို့နယ်တွေမှာ ကိုယ်ပိုင်အဝီစီတွင်းတွေအသုံးများလာကြပြီး မြေအောက်ရေ သုံးစွဲမှုအရမ်းကို မြင့်တက်လာတဲ့အတွက် Ground Water table တွေ ကျလာသလို Ground water ရဲ့အရည်အသွေးကလည်း တဖြည်းဖြည်းနဲ့ မြို့နယ်တချို့မှာ သောက်သုံးလို့မရတဲ့ အနေအထားဖြစ်လာတယ်လို့ သိရပါတယ်။

“ရေတွေက အရောင် အနံ့ အရသာမရှိဘူးဆိုပေမယ့် မြေအောက်ရေမှာတော့ အရောင် အနံ့ အရသာ မ​ကောင်းတော့ဘူး။ တချို့မြို့နယ်တွေမှာ ကြုံနေရပြီ။ အဲ့ဒါကြောင့် ရေချိုစုတွင်းတွေ အမတို့က စမ်းသပ် စုဆောင်းပြီး မြေအောက်ရေ ပြန်ဖြည့်တာမျိုးတွေ လုပ်နေတာလည်း ရှိပါတယ်” လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု)မှ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်အိခိုင်မွန်က ပြောပါတယ်။

ရန်ကုန်မြို့ ၃၃ မြို့နယ် ဧရိယာအတော်များများကို မြို့တော်စည်ပင်က Surface water system နဲ့ ရေပေးဝေနေတာတွေလည်းရှိပြီး အဆိုပါ စနစ်ကို ၉၀ ရာခိုင်နှုန်း အသုံးပြု ရေပေးဝေနေတယ်လို့ သိရပါတယ်။

​ရန်ကုန်မြို့ကို အဓိကရေပေးဝေနေတဲ့ ဂျိုးဖြူ၊ ဖူးကြီး ၊ လှော်ကား ၊ ငမိုးရိပ် စတဲ့ရေလှောင်ကန် လေးခုကနေ နေ့စဥ် ရေဂါလန် သန်းပေါင်း ၂၀၀ ကျော် ဖြန့်ဝေပေးနေတဲ့အပြင် နွေရာသီမှာ ရေအခက်အခဲတွေကို ဖြေရှင်းနိုင်ဖို့နဲ့ မြေအောက်ရေ သုံးစွဲမှုကို လျှော့ချနိုင်ဖို့ရည်ရွယ်ပြီး ၂၀၂၁ ခုနှစ် မတ်လမှာ လှိုင်မြစ် -လှော်ကားရေပေးဝေရေး စီမံကိန်းကို စတင်ခဲ့တယ်လို့ သိရပါတယ်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု)မှ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်အိခိုင်မွန်က “လှိုင်မြစ် – လှော်ကားရေပေးဝေရေး စီမံကိန်းကို၂၀၂၂ ခုနှစ်ကတည်းက ဖွင့်လှစ်ပြီး စတင်အသုံးပြုနေပါပြီ။ ရာသီဥတုက ပူနွေးလာတဲ့အတွက် ကန်ရေချိန်တွေကျတဲ့ ပြဿနာတွေကို နှစ်စဥ်နှစ်တိုင်း ဖြေရှင်းနေရတယ်။ ဖူးကြီးရေလှောင်ကန်ကနေ အားဖြည့်ပေးနေရတာကို လျော့ကျအောင်လို့ အခုစီမံကိန်းကို လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်”လို့ MT News ကို ပြောပါတယ်။

ရေပြတ်တဲ့အချိန်မှာ ဖြစ်တဲ့ပြဿနာက လျှပ်စစ်ဓာတ်အားနဲ့လည်းသက်ဆိုင်ပြီး တချို့ရေပြတ်လပ်တဲ့မြို့နယ်တွေကို ရေဘောက်ဆာကားတွေနဲ့ သယ်ပို့ဖြန့်ဖြူးတဲ့ စနစ်ကိုလည်း မြို့တော်စည်ပင်က ဖော်ဆောင်အသုံးပြုနေတာပါ။ နောက်ပြီး သက်ဆိုင်ရာမြို့နယ်တွေမှာ အရေးပေါ်ရေလှောင်ကန်တွေ တည်ဆောက်ထားရှိတာ၊ ရေချိုစုတွင်းတွေ စမ်းသပ် စုဆောင်းပြီး မြေအောက်ရေ ပြန်ဖြည့်တာမျိုးနဲ့ ပြည်သူလူထုကိုလည်း မိုးရေကို စုဆောင်းအသုံးပြုဖို့ အသိပညာမျှဝေတာမျိုးတွေ ဆောင်ရွက်နေတာရှိတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *