October 19, 2024

၃. ၁. ၂၀၂၃
Written by Pan Ei

နိုင်ငံတကာ ပေါ့ပ်စတား၊ အမ်မီဆုဆန်ခါတင်စာရင်းဝင် သရုပ်ဆောင်တစ်ဦးနဲ့ အလှအပပိုင်းမှာ ထိပ်သီးတစ်ဦးဖြစ်တဲ့ Selena Gomez ဟာ မကြာခင်မှာ အဆိုတော်တစ်ယောက်အနေနဲ့ အနုပညာအလုပ်တွေကို တံခါးပိတ်တော့မှာ ဖြစ်ပါတယ်။

“ကျွန်မဆီမှာ နောက်ထပ် အယ်လ်ဘမ်တစ်ခုပဲ ရှိတော့တယ်လို့ ခံစားရပါတယ်” လို့ Gomez က အစီအစဉ် တစ်ခုမှာ ပြောကြားခဲ့ပြီး “ကျွန်မ အသက်ကြီးလာပြီး သဘောထားကြီးလာတာနဲ့အမျှ လိုက်လျောညီထွေဖြစ်ပြီး အတည်တကျရှိဖို့ တစ်ခုခုတော့ ရှာချင်ပါတယ်” လို့ သူမက ဆက်ပြောခဲ့ကာ သရုပ်ဆောင်တစ်ယောက်အနေနဲ့က သူမရဲ့ အသက်မွေးဝမ်းကြောင်းအဖြစ် အာရုံစိုက်ချင်တဲ့ စံနမူနာပုံစံပါပဲလို့ ဆိုပါတယ်။

Gomez ဟာ ငယ်စဉ်ကတည်းက မင်းသမီးတစ်ယောက်ဖြစ်ဖို့ စိတ်ကူးရှိခဲ့တာဖြစ်ပြီး ၂၀၀၀ ပြည့်နှစ်နှောင်းပိုင်းတွေမှာ Disney ချန်နယ်ရဲ့ဟာသဇာတ်လမ်းတွဲ “Wizards of Waverly Place” မှာ ပါဝင်သရုပ်ဆောင်နေချိန် Disney က အယ်လ်ဘမ်ထုတ်ဖို့ သူမကို ချဉ်းကပ်ခဲ့တာကြောင့် သူမရဲ့ဂီတအသက်မွေးဝမ်းကြောင်းကို စတင်ဖြစ်ခဲ့တာပါ။

သူမဟာ ၂၀၁၃ ခုနှစ်က စတင်ကာ “Come & Get It”၊ “Same Old Love” နဲ့ “Lose You to Love Me” လိုမျိုး နာမည်ကြီး သီချင်းတွေပါဝင်တဲ့ စတူဒီယိုအယ်လ်ဘမ် (၃) ခု ထွက်ရှိခဲ့ပြီး သူမရဲ့စပိန်ဘာသာစကားသုံး “Revelación” အယ်လ်ဘမ်နဲ့ ၂၀၂၂ ခုနှစ် အကောင်းဆုံးလက်တင်ပေါ့ပ်အယ်လ်ဘမ်အတွက် ဂရမ်မီဆန်ကာတင်အပါအဝင် ဂရမ်မီဆန်ကာတင်စာရင်းထဲ နှစ်ကြိမ်ဝင်ရောက်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့နှစ် နှောင်းပိုင်းမှာလည်း သူမရဲ့နောက်ဆုံးထွက်ရှိထားတဲ့ တေးသီချင်း Single Soon ထွက်ရှိခဲ့ပါတယ်။

ဂီတနဲ့ သရုပ်ဆောင်မှုတို့အကြား ရွေးချယ်ဖို့ တွန်းအားပေးမှု တစ်စုံတစ်ရာ မရှိပေမဲ့ အနာဂတ်မှာတော့ ရွေးချယ်မှုတစ်ခု ရှိလာနိုင်တယ်လို့ သူမက ဝန်ခံခဲ့ခြင်းဖြစ်ကာ Selena Gomez ကို အဆိုတော်အနေနဲ့ မတွေ့ရတော့ရင်တောင် မင်းသမီးတစ်ဦး ဒါမှမဟုတ် သူမ ၂၀၂၀ ပြည့်နှစ်က တည်ထောင်ခဲ့တဲ့ အလှကုန်ကုမ္ပဏီ Rare Beauty ရဲ့ပိုင်ရှင် စီးပွားရေးသမားတစ်ဦးအဖြစ်တော့ တွေ့မြင်နေရဦးမှာပါ။

Ref; CNN

Leave a Reply

Your email address will not be published. Required fields are marked *