October 19, 2024

အယ်လ်အရိုရီ သေဆုံးမှုကြောင့် ဂါဇာစစ်ပွဲ စစ်ရှိန်ပိုမြင့်လာလေမလား

၃. ၁. ၂၀၂၄
Translated by Htwe Ko Tun

ဟားမားစ် ဒုတိယခေါင်းဆောင် ဆာလီ အယ်လ် အရိုရီဟာ အနည်းဆုံး အခြားလူငါးဦးနဲ့အတူ လက်ဘနွန်နိုင်ငံ၊ဘေရွတ်မြို့ရဲ့ တောင်ပိုင်းဆင်ခြေဖုံးရပ်ကွက်တွေမှာရှိနေတုံး အစ္စရေးမောင်းသူမဲ့လေယာဉ်တစ်စီးလို့ ယူဆရတဲ့ မောင်းသူမဲ့လေယာဉ်တစ်စီးရဲ့တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရတယ်လို့ ဟားမားစ်အုပ်စုက ဇန်နဝါရီလ ၂ ရက် ညနေပိုင်းမှာ အတည်ပြုခဲ့ကြပါတယ်။

အမည်မသိ အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနအရာရှိတစ်ဦးကလည်း အစ္စရေးတို့ရဲ့တိုက်ခိုက်မှုကြောင့် အယ်လ် အရိုရီ ကျဆုံးခဲ့ကြောင်းအတည်ပြုပြောကြားခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုကြောင့် အစ္စရေးအဖို့လည်း ဟားမားစ်တို့တင်မက ဟစ်ဇ်ဘိုလာတို့ရဲ့ ပိုမိုပြင်းထန်တဲ့ တုံ့ပြန်တိုက်ခိုက်မှုကိုပါ ကြုံလာနိုင်တယ်လို့ခန့်မှန်းကြပါတယ်။

ဟားမားစ်အုပ်စုရဲ့ ခေါင်းဆောင် အစ္စမေးလ် ဟာနီယာ ကလည်း ဟားမားစ် ဒုတိယခေါင်းဆောင် ဆာလီ အယ်လ် အရိုရီ နဲ့ ညီအစ်ကိုတွေကို အစ္စရေးနိုင်ငံရဲ့ လုပ်ကြံတိုက်ခိုက်မှုက လုံးဝအကြမ်းဖက်လုပ်ရပ်တစ်ရပ်ကို ပြုမူခြင်းဖြစ်တယ်ဆိုတာ ပြသနေတယ်လို့ ပြောကြားလိုက်ပါတယ်။

ဟားမားစ်တို့က တုံ့ပြန်တဲ့အနေနဲ့ အပစ်အခတ်ရပ်စဲရေး ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေက အချိန်အတိုင်းအတာတစ်ခုအထိ ထွက်ခွာသွားနိုင်တယ်လို့လည်း ခန့်မှန်းကြပါတယ်။ ဒါပေမယ့် စစ်ပွဲကာလကြာရှည်လာခြင်းနဲ့အတူ ဟားမားစ်ခေါင်းဆောင်တွေအဖို့လည်း မကြာသေးခင်ကမှ သူတို့ငြင်းပယ်ခဲ့တဲ့ ကမ်းလှမ်းချက်တွေကို လက်ခံဖို့ ဖိအားပေးသလိုဖြစ်လာမှာပါ။

အယ်လ် အရိုရီက အောက်တိုဘာ ၇ ရက်မှာစတင်ခဲ့တဲ့ အစ္စရေးနိုင်ငံတောင်ပိုင်းကို ဟားမားစ်တို့ရဲ့တိုက်ခိုက်မှုမှာ အဓိကစီမံခန့်ခွဲသူ ဟားမားစ်ခေါင်းဆောင်တစ်ဦးအဖြစ်တင်မကပါဘူး။ လက်ဘနွန်နဲ့ အီရန်နိုင်ငံတို့နဲ့ ဟားမားစ်အတွက် အဓိကဆက်သွယ်ရေးအရာရှိတစ်ဦးအနေနဲ့ ဆောင်ရွက်နေသူလည်းဖြစ်တယ်လို့ ဆိုပါတယ်။၂၀၂၃ ခုနှစ် ဧပြီလမှာ အီရန်အစ္စလာမ္မစ် တော်လှန်ရေးတပ်ဖွဲ့ရဲ့ Quds Force တပ်မှူးဖြစ်တဲ့ အက်စ်မေးလ်ဂါနီနဲ့ ဟားမားစ်ခေါင်းဆောင်နှစ်ဦးဖြစ်တဲ့ အစ္စမေးလ် ဟာနီယာနဲ့ အယ်လ် အရိုရီတို့နှစ်ဦးဟာ ဆီးရီးယားနိုင်ငံမြို့တော် ဒမတ်စကပ်မှာ တွေ့ဆုံခဲ့ကြပါတယ်။ ဒီ့နောက်မှာတော့ အယ်လ် အရိုရီလည်းပါဝင်ပြီး အစ္စမေးလ် ဟာနီယာ ခေါင်းဆောင်တဲ့ ဟားမားစ်အဖွဲ့ က ဇွန်လမှာ တီဟီရန်ကို သွားခဲ့ကြသေးတာပါ။ ဒါ့ပြင် သူက အခြားသော အစ္စရေးတို့ကိုဆန့်ကျင်တိုက်ခိုက်မှုတွေအများအပြားကြောင့်လည်း နာမည်ရတဲ့ ဟားမားစ်ခေါင်းဆောင်တစ်ဦးပါ။

ဒါကြောင့်လည်း အယ်လ် အရိုရီ ကျဆုံးခဲ့ခြင်းက ဟားမားစ်တို့အတွက် အားထားရတဲ့ခေါင်းဆောင်တစ်ဦးဆုံးရှုံးမှုဖြစ်ရသလို စစ်ပွဲအတွင်း အခြားသောအဖွဲ့အစည်းတွေ ထပ်မံပါဝင်လာကာ စစ်ရှိန်ပိုမြင့်လာဖို့ လှုံ့ဆော်မှုများဖြစ်လေမလား စိုးရိမ်နေကြပါတယ်။

Ref- Jerusalem Post

Leave a Reply

Your email address will not be published. Required fields are marked *