October 19, 2024

၂. ၁. ၂၀၂၄
Written by Nyein Kyaw

နေပြည်တော်၊ ပျဉ်းမနားမြို့၊ ပါဠိတက္ကသိုလ် မင်္ဂလာဇေယျုံကျောင်းတိုက် ဝတ္တုကံတော်အတွင်းရှိ မြို့တော်ထိပ်ပန်မင်္ဂလာစေတီတော် အထက်ဌာပနာတော်သွင်း၊ ရွှေထီးတော်တင်နှင့် ဗုဒ္ဓဘိသေက အနေကဇာတင် မင်္ဂလာအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ခဲ့သည်။

SAC ဥက္ကဋ္ဌနှင့် ကောင်စီအဖွဲ့ဝင်များသည် ပါဠိဆရာတော်ကြီးထံမှ ကိုးပါးသီလခံယူ ဆောက်တည်ကြကာ ဥပါသကာများက ပရိတ်ပန်း၊ ပရိတ်ရေ၊ ပရိတ်ချည်၊ ပရိတ်သဲများကို သံဃာ‌တော်များကို ဆက်ကပ်ပြီးနောက် သံဃာတော်များက ရွတ်ပွားချီးမြှင့်တော်မှုသည့် ပရိတ်တကဦးတော်ကို နာယူခဲ့ကြသည်။

ထို့နောက် SAC ဥက္ကဋ္ဌနှင့် ဇနီးတို့က သဗ္ဗညုဘုရားရှင်အား ရည်မှန်းထား၍ ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ဌာပနာတော်များကို ဝဲကြီးစာသင်တိုက် ဆရာတော်ကြီးထံ သာဟတ္ထိကဒါနမြောက် ဆက်ကပ်ပူဇော်ပြီး လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့သည်။ ရွှေထီးတော်တင်လှူပူဇော်ခြင်း မင်္ဂလာအခမ်းအနားကို ဆက်လက်ကျင်းပရာ SAC ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်တို့ကို စေတီတော်အထွတ်တွင် တင်လှူပူဇော်၍ ပရိတ်နံ့သာရည်များ ပတ်ဖျန်းကြပြီး တာဝန်ရှိသူများက အရံစေတီတော်များအား အစီအစဉ်အတိုင်း ရွှေထီးတော်တင်လှူပူဇော်ကြသည်။

ထို့နောက် SAC ဥက္ကဋ္ဌနှင့် ဇနီးတို့က စေတီတော်ကြီး တောင်ဘက်အရပ်ရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ပန်း၊ ‌ရေချမ်း၊ ဆီမီးနှင့် ရွှေကြာသင်္ကန်းတော်ကို ကပ်လှူပူဇော်၍ ဖူးမြော်ကြည်ညိုခဲ့သည်။ ဆက်လက်ပြီး သံဃာတော်ရှင်သူမြတ်များက မြို့တော်ထိပ်ပန်မင်္ဂလာစေတီတော်ကြီးအား ဗုဒ္ဓါဘိသေက အနေကဇာတင်၍ ဗုဒ္ဓါဘိသိက်သွန်းတော်မူကြသည်။

Leave a Reply

Your email address will not be published. Required fields are marked *