October 19, 2024

၂. ၁. ၂၀၂၃
Written by Nay Moe

“Asia Calcium” ကျောက်မှုန့်ကြိတ်စက်ရုံပိုင်ရှင်နှင့် ဝန်ထမ်းများအပါအဝင် လူလေးဦးကို ပစ်ခတ်သတ်ဖြတ်ပြီး စက်ရုံအနီးစွန့်ပစ်မှု ဖြစ်ပွားခဲ့သည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့က ယခုညတွင် ထုတ်ပြန်သည်။

ဖြစ်စဥ်မှာ ဒီဇင်ဘာ ၃၁ ရက် နံနက် ၉ နာရီတွင် မတ္တရာမြို့နယ်၊ ရှမ်းမြောင်းကျေးရွာရှိ “Asia Calcium” ကျောက်မှုန့်ကြိတ်စက်ရုံအနီး တောလမ်းပေါ်၌ အမျိုးသားသုံးဦးနှင့် အမျိုးသမီးတစ်ဦးတို့အား ဒဏ်ရာများဖြင့် သေဆုံးနေသည်ကိုတွေ့ရှိရကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ “Asia Calcium”စက်ရုံပိုင်ရှင် ဦးမောင်စိုး (ခ)ဖီလန် (၄၅)နှစ်အား ယာဘက်ပါးနှင့် ရင်ဘတ်ကျည်ဖောက်ဝင်ဒဏ်ရာ သုံးချက်၊ နှာခေါင်းရိုးကျိုး ဒဏ်ရာတစ်ချက်ဖြင့်လည်းကောင်း၊ စက်ရုံမန်နေဂျာ ဦးနေအောင်(ခ)ဝဏ္ဏ (၃၆)နှစ်အား ယာပါး၊ ယာပခုံး၊ ရင်ဘတ်နှင့် ယာဒူးအောက်တို့၌ ကျည်ဖောက်ဝင်ဒဏ်ရာလေးချက်ဖြင့်လည်းကောင်း၊ စက်ရုံစာရေးမဖြစ်သူ ဒေါ်ချောစုထွေး (၄၅)နှစ်အား ယာပါးနှင့် ရင်ဘတ်တို့၌ ကျည်ဖောက်ဝင်ဒဏ်ရာသုံးချက်၊ နှာခေါင်းရိုးကျိုးဒဏ်ရာ တစ်ချက်ဖြင့်လည်းကောင်း၊ အသက်(၃၅)နှစ်ခန့် အမျိုးသားတစ်ဦး(စိစစ်ဆဲ)တွင် ဦးခေါင်းနောက်စေ့ ကျည်ဖောက်ဝင်ဒဏ်ရာ တစ်ချက်ဖြင့်လည်းကောင်း အသီးသီးသေဆုံးနေသည်ကို တွေ့ရှိရသဖြင့် သေဆုံးသူများအား မတ္တရာမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိခဲ့ကြောင်း သိရသည်။

အထက်ပါဖြစ်စဥ်တွင် သေဆုံးသူများအား မည်သူကပစ်ခတ်သတ်ဖြတ်သည်ဆိုသည်နှင့် မည်သည့်အတွက်ကြောင့် သတ်ဖြတ်သည်ဆိုသည်ကို မသိရှိရသေးဘဲ ကျုးလွန်သူများအား အမှုဖွင့်လှစ်စုံစမ်းဆဲသာဖြစ်သည်ဟု သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *