October 19, 2024

၃. ၁. ၂၀၂၄
Written by Pan Ei

ငယ်ဘဝအမှတ်တရတွေထဲကတစ်ခုနဲ့ ကလေးငယ်တွေရဲ့ ချစ်လှစွာသော ဇာတ်ကောင်ဖြစ်တဲ့ Mickey Mouse ဟာ Disney ရဲ့ မူပိုင်ခွင့် ကုန်ဆုံးပြီးနောက်မှာ တခြားကုမ္ပဏီတစ်ခုက ထိတ်လန့်စရာဇာတ်ကောင်အဖြစ် ဖန်တီးရိုက်ကူးတော့မှာ ဖြစ်ပါတယ်။

အမေရိကန် မူပိုင်ခွင့်ဥပဒေအရ ဇာတ်ကောင်မူပိုင်ခွင့်ကို ၉၅ နှစ်အထိသာ ထိန်းသိမ်းထားနိုင်တာကြောင့် ၁၉၂၈ ခုနှစ်က ထွက်ရှိခဲ့ပြီး Micky Mouse ကို စတင်မိတ်ဆင်ခဲ့တဲ့ ပထမဆုံး Disney ရုပ်ရှင် Steamboat Willie ဟာ ဇန်နဝါရီ ၁ ရက်မှာ မူပိုင်ခွင့်ကုန်ဆုံးခဲ့ပါတယ်။ အဲ့ဒါကြောင့် Mickey နဲ့ သူရဲ့ လက်တွဲဖော် Minnie အပါအဝင် ရုပ်ရှင်အတွင်းမှာ မြင်တွေ့ရတဲ့ ဇာတ်ကောင်တွေရဲ့ မူလပုံစံ၊ အစောပိုင်းဗားရှင်းတွေကို ရုပ်ရှင်တွေထဲမှာ ကူးယူ၊ မျှဝေ၊ ပြန်လည်အသုံးပြုတာတွေနဲ့ ပြုပြင်ပြောင်းလဲတာတွေကို မည်သူမဆို လွတ်လပ်စွာ ကူးယူနိုင်ပြီဖြစ်ပါတယ်။

အဲ့ဒါကြောင့် Mickey Mouse ကို မြင်တွေ့နေကြပုံစံနဲ့ မတူညီဘဲ ထိတ်လန့်စရာဇာတ်ကားအဖြစ် Mickey’s Mouse Trap ကို ဒါရိုက်တာ Jamie Bailey က ဖန်တီးရိုက်ကူးထားကာ ဒီဇာတ်ကားအတွက် ဇာတ်ညွှန်းရေးပေးထားတဲ့ Simon Phillip က လူသတ်သမားအဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဟာသနဲ့ ထိတ်လန့်စရာ ရောနှောထားတယ်ဆိုတဲ့ အဲ့ဒီ ဇာတ်ကားမှာ လူငယ်သူငယ်ချင်းတစ်စုကို Micky Mouse ဝတ်စုံဝတ်ဆင်ထားတဲ့ လူတစ်ဦးက လိုက်လံ သတ်ဖြတ်တဲ့ အကြောင်းကို ရိုက်ကူးထားတာဖြစ်တယ်လို့လည်း သိရပါတယ်။

ထိတ်လန့်စရာတွေအဖြစ် ပြောင်းလဲဖန်တီးရိုက်ကူးခံရတာ Micky Mouse က ပထမဆုံး ကလေးဘဝ ဇာတ်ကောင်မဟုတ်ဘဲ မူပိုင်ခွင့်ကုန်ဆုံးခဲ့တဲ့ Winnie the Pooh ဟာလည်း ချစ်စဖွယ်ကောင်းတဲ့ ဝက်ဝံလေးအဖြစ်ကနေ ထိတ်လန့်စရာရုပ်ရှင် Blood and Honey ထဲက လူသတ်ဇာတ်ကောင်အဖြစ်ကို မနှစ်က ပြောင်းလဲသွားခဲ့ပြီး အဲ့ဒီဇာတ်ကားဟာ အဆိုးရွားဆုံးဇာတ်ကားတွေထဲက တစ်ခုအဖြစ် အဆင့်သတ်မှတ်ခံခဲ့ရပါတယ်။

ဘတ်ဂျက်အနည်းငယ်နဲ့ ရိုက်ကူးထားတဲ့ Mickey’s Mouse Trap ဇာတ်ကားဟာ ရုံတင်ပြသမယ့်ရက်ကို အတည်မပြုရသေးပေမယ့် လာမယ့် မတ်လမှာ ထွက်ရှိသွားမယ်လို့ မျှော်လင့်ရပါတယ်။

Ref; AFP

Leave a Reply

Your email address will not be published. Required fields are marked *