October 19, 2024

၃. ၁. ၂၀၂၃
Written by Pan Ei

ဂျပန်နိုင်ငံ အလယ်ပိုင်း၊ ဟွန်ရှူးကျွန်းရဲ့ အနောက်ဘက်ကမ်းရိုးတန်းမှာ ဇန်နဝါရီ ၁ ရက် မွန်းလွဲပိုင်းက လှုပ်ခတ်သွားခဲ့တဲ့ ရစ်ချ်တာစကေး ၇ ဒသမ ၆ အဆင့်ရှိ အင်အားပြင်းထန်လှတဲ့ ငလျင်ကြောင့် သေဆုံးသူ ၆၂ ဦးထက်မနည်းရှိလာခဲ့ပြီး ဂျပန်ကယ်ဆယ်ရေးသမားတွေက ပြိုကျနေတဲ့ အပျက်အစီးတွေအောက်က အသက်ရှင်ကျန်ရစ်သူတွေကို ရှာဖွေဖို့ ဒီနေ့ ဇန်နဝါရီ ၃ ရက်မှာလည်း အပြေးအလွှား ကြိုးပမ်းနေကြပါတယ်။

အဲ့ဒီငလျင်ဟာ ဟွန်ရှူးကျွန်းရှိ အီရှီကာဝါ စီရင်စုကို လှုပ်ခတ်ခဲ့ရာ အမြင့်တစ်မီတာကျော်ရှိ ဆူနာမီလှိုင်းတွေ ဖြစ်ပေါ်ခဲ့ပြီး ကြီးမားတဲ့ မီးလောင်ကျွမ်းမှုတွေနဲ့ လမ်းတွေလည်း ပျက်စီးသွားခဲ့ပါတယ်။ ပြင်းအား ၇ ဒသမ ၆ အဆင့်ရှိ ငလျင်လှုပ်ခတ်ပြီးနောက် နှစ်ရက်အကြာ အီရှီကာဝါ စီရင်စုနဲ့ အနီးနားဒေသတွေမှာ နောက်ဆက်တွဲငလျင်တွေ ထပ်မံလှုပ်ခတ်ခဲ့ပါသေးတယ်။

ဒီနေ့ထုတ်ပြန်ခဲ့တဲ့ ဂြိုဟ်တုဓာတ်ပုံတွေအရ အီရှီကာဝါစီရင်စုမှာရှိတဲ့ နိုတို ကျွန်းဆွယ်မှာ ရာနဲ့ချီတဲ့ အဆောက် အအုံတွေဟာ မီးလောင်မှုကြောင့် ပျက်စီးခဲ့တာကိုတွေ့ရပြီး ဝါဂျီမာနဲ့ ဆူဇူ အပါအဝင် မြို့အများအပြားမှာလည်း နေအိမ်တွေ ပြိုကျပျက်စီးခဲ့သလို နိုတိုကျွန်းဆွယ်ကတော့ အပြင်းထန်ဆုံး ထိခိုက်ခဲ့တာဖြစ်ပါတယ်။

ငလျင်ကြောင့် လူပေါင်း ၆၂ ဦး သေဆုံးပြီး ၃၀၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသဆိုင်ရာအစိုးရက ဒီနေ့မှာ ထုတ်ပြန်ကြေညာခဲ့ကာ ဒဏ်ရာရှိသူတွေအနက် လူ ၂၀ ကတော့ ဒဏ်ရာပြင်းထန်တယ်လို့ သိရပါတယ်။

နောက်ဆက်တွဲငလျင်တွေနဲ့ ရာသီဥတု ဆိုးရွားမှုတို့ကြောင့် ထိခိုက်သေဆုံးမှုတွေ တိုးလာနိုင်သေးတယ်လို့ ကယ်ဆယ်ရေးသမားတွေက ခန့်မှန်းထားပြီး အခုချိန်ထိ လူပေါင်း ၃၁,၈၀၀ ကျော်ဟာ ကယ်ဆယ်ရေးစခန်းတွေမှာ ခိုလှုံနေကြရတယ်လို့ အစိုးရက ပြောကြားခဲ့ပါတယ်။

Ref; CNA

Leave a Reply

Your email address will not be published. Required fields are marked *